ရန်ကုန်မြို့ သစ်စီမံကိန်း ကိုအကောင်အထည်ဖော်မည့်ရန်ကုန်မြို့ သစ်ဖွံ့ ဖြိုးရေးကုမ္ပဏီလီမိတက်(NYDC) သည် စီမံကိန်းအတွက် လိုအပ်တဲ့ ငွေကြေးအရင်းအနှီးရှာဖွေဖို့ နဲ့  ရင်းနှီးမြှပ်နှံသူများကို ဖိတ်ခေါ်သည့် အစိုးရပိုင်ကုမ္ပဏီတစ်ခုသာဖြစ်ကြောင်း NYDC၏ ဒုဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေကပြောပါတယ်။
ယနေ့ ဇွန်လ၂၃ရက် ကုန်သည်စက်မှုအသင်းချုပ်မှာပြုလုပ်တဲ့ NYDC Town Hall ဆွေးနွေးပွဲမှာ ဦးသိမ်းဝေကပြောကြားသွားခဲ့တာဖြစ်ပါတယ်။
“ NYDCက ဘာလုပ်မလဲဆိုတော့ တံတားဆောက်မယ်ဆိုရင် NYDC ကဆောက်တာမဟုတ်ဘူး Private Sector ကဆောက်နေတာ လမ်းဆောက်မယ်ဆိုလို့ ရှိရင် Private Sector ကဆောက်နေတာ ရေပေးမယ်ဆိုရင်လဲ private Sector ကလုပ်နေတာ NYDC က Private Sectorတွေလုပ်တဲ့အခါမှာ အောင်မြင်အောင်လုပ်ဖို့ ပဲကူညီပေးနေတာ “ဟု ဦးသိမ်းဝေကပြောသည်။
ပြည်ထောင်စု အစိုးရက ပြည်နယ်/တိုင်း အစိုးရများသို့ ချထားပေးသည့် ဖွံ့ဖြိုးရေး ရံပုံငွေမှ အမေရိကန်ဒေါ်လာ ၇.၅ သန်း ကို အရင်းအနှီးပြု၍ ရန်ကုန်တိုင်း အစိုးရက ရန်ကုန်မြို့သစ်တည်ဆောက်ရေး ကုမ္ပဏီ(NYDC) ကို မတ်လအတွင်း စတင် တည်ထောင်ခဲ့တာလည်းဖြစ်ပါတယ်။
စတင်တည်ထောင်စဉ်က အစိုးရကိုယ်တိုင်တည်ထောင်သောကုမ္ပဏီဖြစ်နေသောကြောင့် ဝေဖန်မှုများလဲရှိခဲ့သည်။
Yoma Strategic Holdings ၏ ဥက္ကဌ အဖြစ် အိမ်ခြံမြေ လုပ်ငန်းရှင် Mr. Serge Pun ခေါ် ဦးသိမ်းဝေကဦးဆောင်လုပ်ဆောင်မည့် NYDC သည်ရန်ကုန်တစ်ဖက်ကမ်းတွင် မြေဧက ၂၀၀၀၀တွင် ပထမအဆင့်အဖြစ်မြို့ သစ်စီမံကိန်းတည်ဆောက်ရန်ရည်ရွယ်ထားသည်။
ဇွန်၂၃ရက်ကပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာတော့ အစိုးရက ကိုယ်တိုင် ကုမ္ပဏီထောင်စီးပွားရေးဝင်ရောက် လုပ်ကိုင်နေခြင်းမှာ သဘောကျခြင်းမရှိဘဲ ယခင်အစိုးရက လုပ်ခဲ့တဲ့စီးပွားရေးလုပ်ငန်းများကို ဥပမာပေး၍ ယခုစီမံကိန်းအပေါ်စိုးရိမ်မိကြောင်း The Voice ဂျာနယ်၏ ဒုတိယ အယ်ဒီတာချုပ်ဦးဇေယျသူကလဲ ဝင်ရောက်ဆွေးနွေးခဲ့သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com