ရော့ခ်အင်ရိုးဂီတ၏ ဖခင်ကြီး အဲလ်ဗစ်ပရက်စလေနှင့် ပရစ်စီလာတို့ မင်္ဂလာဦးပျားရည်ဆမ်းခရီးထွက်ခဲ့ရာ house of tomorrow အမည်ရှိ စံအိမ်ကြီး အရောင်းဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာသည်။
အဆိုပါစံအိမ်ကြီးသည် ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၉ ဒသမ ၅ သန်းဖြင့် ဈေးကွက်ဝင်လာခဲ့ပြီး ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်းတွင်မူ ကန်ဒေါ်လာ ၅ ဒသမ ၉ သန်းသို့ ဈေးလျှော့ချပေးကာ ဈေးကွက်တင်ခဲ့သည်။
( ၂၀၁၇ ခုနှစ်အတွင်း အရောင်းဈေးကွက်တင်ခဲ့ပုံကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ဖူးရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/684657 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)ယင်းသို့ လျှော့ချပေးသည့်တိုင် ယခုတိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ ၄ ဒသမ ၉၉၅ သန်းသို့ ဈေးလျှော့ချပေးလိုက်ပြန်ကာ ဈေးကွက်ပြန်တင်လာခြင်း ဖြစ်သည်။
အလက်ဇန်းဒါး ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ရောဘတ်အလက်ဇန်းဒါး နေထိုင်ရန် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နာမည်ကျော် မော်ဒန်ဗိသုကာပညာရှင် ဝီလျံ ခရစ်ဆဲလ်က ဒီဇိုင်းရေးဆွဲပေးခဲ့သည်။
တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ရေးဗားဆိုက်ဒ်ခရိုင်အတွင်းရှိ သဲကန္တာရ အပန်းဖြေမြို့တစ်မြို့ဖြစ်သော ပန်မ်စပရင်းတွင် တည်ရှိသည်။
အလက်ဇန်းဒါးကုမ္ပဏီသည် ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း၊ ပန်မ်စပရင်းတွင် ၁၉၅၀ ပြည့်လွန်နှစ်များနှင့် ၁၉၆၀ ပြည့်လွန်ကာလများအတွင်း နေအိမ်ထောင်ပေါင်းများစွာ ဆောက်လုပ်ခဲ့ပြီး ပန်မ်စပရင်း၏ ဗိသုကာကို အဓိပ္ပာယ်သစ်များ ဖွင့်ဆိုပေးခဲ့သည်။
အလက်ဇန်းဒါးသည် ၁၉၆၅ ခုနှစ်တွင် လေယာဉ်ပျက်ကျကာ ကွယ်လွန်သွားခဲ့၏။
အဲလ်ဗစ် ပရက်စလေသည် ပရစ်စီလာနှင့် လာ့စ်ဗီးဂပ်စ်တွင် လျှို့ဝှက်စွာ မင်္ဂလာဆောင်ခဲ့ပြီးနောက် ပန်မ်စပရင်းရှိ စံအိမ်ကြီးသို့ ပရစ်စီလာကို ခေါ်ဆောင်လာခဲ့ပြီး ၁၉၆၆ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ ငှားရမ်းနေထိုင်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)