လှိုင်သာယာမြို့နယ်အတွင်းရန်ကုန်-ပုသိမ် လမ်းမကြီးဘေးရှိ ကျူးကျော်များထဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်များကို တိုင်းအစိုးရမှ ထုတ်ပေးထားသည့် ကျူးကျော်သက်သေခံ ကတ်ပြားပိုင်ဆိုင်သည့်သူမှ ကျူးကျော်အိမ်များကို တစ်ဆင့်ရောင်းစားထားသည်ကို စစ်ဆေးတွေ့ရှိကြောင်းလှိုင်သာယာမြို့နယ်၊စည်ပင်သာယာအုပ်ချုပ်ရေး မှူးဦးဝင်းနိုင်ကပြောသည်။
'' အခန်းပြန်ပေးတာကိုသိတော့အများစုက စမတ်ကတ်ပြားမရှိဘူးဆိုတဲ့သူထဲက တစ်ယောက်က ကျူးကျော်နေအိမ်ကို ကျပ်ငါးသိန်းနဲ့ ၀ယ်ထားတယ်။သူဝယ်ထားတဲ့အိမ်ကတော့ မီးထဲပါသွားတယ်။ တိုင်းအစိုးရ ကျူးကျော်စမတ် ကတ် ရောင်းချပေါင်နှံမှု မလုပ်ရဘူးလို့ ပြောထားပေမယ့် အောက်ခြေမှာ အခုလိုဖြစ်နေတာတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်တယ်'' ဟု လှိုင်သာယာမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးမြတ်မင်းသူ က ပြောကြားသည်။
အဆိုပါ မီးဘေးသင့်ခဲ့သည့် ကျူးကျော်နေထိုင်သူများကို တိုင်းဒေသကြီးအစိုးရက အိမ်ခန်းတွဲများ ဆောက်လုပ် ပေးကာ ယာယီနေထိုင်ခွင်ပြုဖို့ မဲနှိုက်ရွေးချယ်ရွေးချယ်မှုပြုလုပ်ရာမှ ယင်းကဲ့သို့ ကျုးကျော်သက်သေခံ ကတ်ပြားများပိုင်ဆိုင်သည့်သူမှ ကျူးကျော်နေအိမ်ကို တစ်ဆင့် ရောင်းချထားသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်းသိရသည်။
ကျူးကျော်စမတ်ကတ်ပြားမှာ မီးလောင်သည့် အထဲတွင် ပါသွားပါက တိုင်းအစိုးရမှ ကောက်ထားသည့် ကျူးကျော်စမတ်ကတ် ထုတ်ပေးသည့် စာရင်းကိုကြည့်ပြီး စမတ်ကတ်ပြား ပြန်လုပ်ပေးကြောင်းနှင့် ယင်းမီးဘေးသင့်ခဲ့သည့်ကျူးကျော်နေထိုင်သူများကို ကျန်စစ်သားလမ်းမကြီးဘေးရှိ တိုင်းဒေသကြီးအစိုးရ ပိုင်မြေ ပေါ်တွင် အကျယ် ၉ ပေ အရှည် ၁၈ ပေရှိ အိမ်ခန်းတွဲများ ဆောက်လုပ်ပေးပြီး ယာယီနေထိုင်ခွင့်ပြုခြင်း ဖြစ်ကာ လက်ရှိ ကျူးကျော်စမတ်ကတ်ရှိသူ ၅၃ဦးကို အိမ်ခြေ ၅၃ အိမ်တွင် နေရာချထားပေးခဲ့သည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com