ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်(NYDC)မှဦးစီးပြီး အလုပ်အကိုင်အခွင့်အလမ်း (၂)သန်းပေါ်ထွန်း လာစေမည်ဆိုသည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်-UMFCCI တွင် ဇွန်လ (၂၃)ရက်နေ့က ကျင်းပခဲ့ရာ ယင်းကုမ္ပဏီမှ ဒုတိယဥက္ကဌနှင့် CEO ဖြစ်သူ Mr. Serge Pun(ခ)ဦးသိမ်းဝေ အပါအ၀င် အသိပညာရှင် အတတ်ပညာရှင်များမှ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ဒီစီမံကိန်းကြီးမှာလိုအပ်တဲ့ အမေရိကန်ဒေါ်လာ ငါးဘီလီယံကို လာရောက်ရင်းနှီးမြုပ်နှံသူတွေ လာဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလို ဖိတ်ခေါ်ရာမှာလည်း NYDCအတွက် လုပ်ငန်းတွေဆောင်ရွက်ရာမှာ မျှတတဲ့ ပြိုင်ဆိုင်မှု၊ ပွင့်လင်းမြင်သာရှိစေဖို့အတွက် ကမ္ဘာအနှံ့မှာကျင့်သုံးနေတဲ့ Swiss Challenge နည်းနိသယျကို လက်ခံကျင့်သုံးသွားမှာဖြစ်ပါတယ်။ ဒီလိုကျင့်သုံးရာမှာလည်း ရွေးချယ်ခြင်း၊ ညှိနှိုင်းခြင်း၊ ထုတ်ပြန်ကြေညာခြင်း နဲ့ တင်ဒါပြန်တင်ပြခြင်းတွေ ဆိုပြီးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထည့်ဝင်ငွေက အမေရိကန်ဒေါ်လာ (၇)သန်းရှိပါတယ်။ ဒါ့ကြောင့် လိုအပ်တဲ့ ဒေါ်လာ (၄.၉၉၃)ဘီလီယံအတွက် ရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်ပြီးလုပ်ဆောင်သွားမှာပါ” ဟု ဦးသိမ်းဝေက ဆွေးနွေးပွဲတွင် ပြောသည်။
ဆက်လက်၍ ဦးသိမ်းဝေက “မြန်မာပြည်မှ အချမ်းသာဆုံးက မြေပါပဲ။ ဒီမြေတွေကို အသုံးချပြီး ဘယ်လိုအောင်မြင်အောင်လုပ်ရမလဲဆိုတာကပဲ အရေးကြီးတာပါ။” ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သူ နိုင်ငံရေးနှင့် စီးပွားရေးဆောင်းပါးများရေးသားနေသူ The Voice Journal မှ ဒုတိယ အယ်ဒီတာချုပ်နှင့် မန်နေးဂျင်းအယ်ဒီတာဖြစ်သူ “အဓိကကတော့ ဒီစီမံကိန်းရေရှည်တည်တံ့အောင်ဘယ်လိုသွားမလဲပေါ့။ အန်ကယ်ဦးသိမ်းဝေကတော့ ပြောပါတယ်၊ ၅နှစ်စောင့်ကြည့်ပါပေါ့။ဒီတော့ ဘယ်လိုဆက်သွားမလဲဆိုတာ တော်တော်လေးအရေးကြီးပါတယ်။ နောက်တစ်ခုက မြန်မာပြည်မှာက နိုင်ငံရေးနဲ့ စီးပွားရေးကတော်တော်လေး စပ်ဆက်ပါတယ်။ ဒီလိုစပ်ဆက်နေတဲ့အခါကြတော့ လာမယ့် နှစ်နှစ်ဆို ရွေးကောက်ပွဲကလာတော့မယ်။ရွေးကောက်ပွဲဆိုတာကလည်း သီအိုရီအရ ဘာမှမပြောနိုင်တော့ နောက်အစိုးရပြောင်းသွားမယ်ဆိုရင် လက်ရှိဝန်ကြီးယူထားတဲ့ ဥက္ကဌရာထူးတွေဘာတွေပြောင်းသွားမလားပေါ့။အဲဒီ့အခါကျရင် လုပ်ရကိုင်ရတာ အဆင်ပြေပါ့မလားပေါ့။ ဒါ့ကြောင့် နိုင်ငံရေးအရရော စီးပွားရေး အရပါ ကြည့်ဖို့လိုပါတယ်”ဟု ဆွေးနွေးပြောကြားခဲ့သည်။
ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလိမိတက်(NYDC)ကို အထူးကုမ္ပဏီများအက်ဥပဒေဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ယင်းကုမ္ပဏီကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရာနှုန်းပြည့်ပိုင်ဆိုင်ထားကာ အလုပ်အကိုင်အခွင့်အလမ်းနှစ်သန်းခန့် ပေါ်ထွန်းလာစေမည့် စီးပွားရေးနယ်မြေတစ်ခုအဖြစ် ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင် အနောက်ဖက်ကမ်းရှိ ဧက နှစ်သောင်းခန့်မြေနေရာတွင် တာဝန်ယူဆောင်ရွက်နေကြောင်းသိရသည်။
ကိုသီဟသူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com