စီမံကိန်းအသစ်တွေကြောင့် ရန်ကုန်နေရာတချို့မှာ မြေကွက် အရောင်းအဝယ်ဖြစ်နေပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် လှိုင်သာယာ-တွံတေးလမ်းမကြီးတစ်လျှောက် မြေကွက်တွေနဲ့ စက်မှုဇုန်ဖော်ဆောင်မယ့်နေရာတွေမှာ မြေနေရာတချို့ကို လုပ်ငန်းရှင်တွေ ဈေးကောင်းပေးဝယ်နေကြတယ်လို့
သိရပါတယ်။
လှိုင်သာယာ-တွံတေးလမ်းမကြီးတစ်လျှောက် လယ်မြေအချို့အရောင်းအဝယ်ကောင်းလာတယ်လို့ ဆိုပါတယ်။ လယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုတင်းဝင်းက ' ခလောက်ရွာကနေ လှိုင်သာယာ-တွံတေးလမ်းမကြီးကိုဆက်ပြီး လမ်းဖောက်ကြတယ်၊ အဲဒီလမ်းမဘေး လယ်မြေတွမှာ အရောင်းအဝယ်ကောင်းနေတယ် ' လို့ ပြောပါတယ်။ ပါမစ်မရှိတဲ့ လယ်မြေတွေမှာ လမ်းဘေးအနီး တစ်ဧကကို သိန်း (၁၀၀)ကျော် (၂၀၀)နီးပါးရှိပြီး အလှမ်းဝေးတဲ့နေရာတွေမှာဆိုရင်လည်း တစ်ဧကကို သိန်း (၁၀၀)လောက် ရှိနေတယ်လို့ ဆိုပါတယ်။
လယ်မြေတွေဆိုရင် ရောင်းကောင်းခဲ့တဲ့ (၂၀၁၅)လောက်တော့ ဈေးမရပေမဲ့ စီမံကိန်းကြောင့် အရောင်းအဝယ်ပြန်အားကောင်းလာတယ်လို့ လယ်သမားအချို့ဆီက သိရပါတယ်။ (၂၀၁၅)ခုနှစ်ကဆိုရင် အရာင်းအဝယ်ကောင်းချိန်ဖြစ်တာကြောင့် လမ်းကပ်နေရာမှာ တစ်ဧကကို သိန်း (၁၃၀၀၊ ၁၄၀၀)၊ ရွာနောက်နားဆိုရင် သိန်း (၃၀၀)၊ လမ်းကပ်အနီးဆို သိန်း (၅၀၀)လောက် ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ တစ်ဧကကိုသိန်း (၂၀၀၊ ၃၀၀)၊ အဝေးဆို သိန်း (၁၀၀)လောက်ပဲ ရတယ်။ အရောင်းအဝယ် ကောင်းနေတဲ့ မြေကွက်တွေမှာ ပါမစ်မရှိ လယ်မြေတွေသာဖြစ်ပြီး ရေကျော်၊ ပဒံကျေးရွာက ဝယ်ယူနေထိုင်သူတွေရော၊ တခြားရန်ကုန်ဘက်ကလာပြီး ဝယ်သူတွေပါရှိနေတယ်လို့ သိရပါတယ်။
+++ ဒဂုံတောင် +++
ဒဂုံတောင်ပိုင်းမှာဆိုရင်လည်း မြေလွတ်မြေရိုင်းအချို့ အရောင်းအဝယ်ကောင်းတဲ့ နေရာတချို့ ရှိနေပါတယ်။ ဒဂုံတောင်ပိုင်း (၁၄၅၊ ၁၄၆၊ ၁၀၆၊ ၁၄၇)ရပ်ကွက်တွေက မြေကွက်အချို့အရောင်းအဝယ် ကောင်းနေဆဲဖြစ်ပြီးတော့ လှော်ကားလမ်းမ နောက်ကျောတစ်လျှောက် မြေကွက်တွေမှာ သိန်း (၆၀၊ ၆၅၊ ၇၀)လောက် ကျဈေးနဲ့ အရောင်းအဝယ် ရှိနေပါတယ်။ ဒဂုံတောင်ပိုင်းနေရာတချို့မှာ သင်္ကြန်ကာလကစပြီးတော့ အရာင်းအဝယ် ထက်ဝက်လောက်ကျဆင်းခဲ့ပြီးတော့ အငှားဈေးကွက်တချို့သာ အားကောင်းနေတယ်လို့ သိရပါတယ်။ လက်ရှိပါမစ်ရရှိပြီး မြေလွတ်မြေရိုင်းတွေက ရပ်ကွက်တချို့မှာ ကျဈေးနဲ့ အရောင်းအဝယ်အားကောင်းနေကြောင်း ဒဂုံအိမ်ခြံမြေအကျိုးဆောင် ကိုအောင်သူရက ပြောပါတယ်။
+++ စက်မှုဇုန်စီမံကိန်း +++
မြို့နယ် (၁၁)မြို့နယ်မှာ စက်မှုဇုန်တည်ထောင်မယ်ဆိုတဲ့ စီမံကိန်းတွေရှိတယ်ဆိုတဲ့နောက် စီမံကိန်းအနီး မြေတွေကို လုပ်ငန်းရှင်တချို့ဈေးကစားတာတွေ ရှိနေပါတယ်။ အိမ်ခြံမြေအကျိုးဆောင် မအေးအေးအောင်က ' စက်မှုဇုန်စီမံကိန်းသတင်းကြားတဲ့ လုပ်ငန်းရှင်တွေကတော့ စီမံကိန်းအတွင်းပါတဲ့
မြေကို လက်ဦးဝယ်တယ်၊ ဈေးကစားတာတွေတော့ အနည်းငယ်ရှိနေပြီးတော့ သန်လျင်ဘက်မှာတော့ မြေကစားတာမျိုး သိပ်မရှိသေးပါဘူး ' လို့ ပြောပါတယ်။ ဇွန်လအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကွပ်ကဲမှုအောက်မြို့နယ် (၁၁)မြို့နယ်က ကိုယ်ပိုင်စီးပွားရေးလုပ်နိုင်တဲ့ လုပ်ငန်းရှင်တွေ
ပေါ်ထွက်လာစေဖို့ အစီရင်ခံစာကို တိုင်းလွှတ်တော်ကို တင်ပြခဲ့ကြောင်း သိရပါတယ်။
Credit: The Modern