သီရိလင်္ကာသည် တောင်အာရှဒေသ၏ အမြင့်ဆုံးမိုးမျှော်တိုက် တည်ရှိရာ နိုင်ငံဟူသည့် ဂုဏ်ဒြပ်ကို မကြာမီပိုင်ဆိုင်တော့မည်ဖြစ်သည်။
သီရိလင်္ကာ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်
ရောင်းချရေးကုမ္ပဏီ) One Transworks Square (Pvt) Limited က တရုတ်ဆောက်လုပ်ရေးကုမ္ပဏီ Zhongtian Construction Group Company Limited နှင့် ပူးပေါင်း၍ မြို့တော်ကိုလံဘိုတွင် သုံးခုတွဲတာဝါ The One ကို ဆောက်လုပ်လျက်ရှိသည်။ The One တွင် အမြင့်ဆုံးတာဝါက "တောင်အာရှ၏ အမြင့်ဆုံးမိုးမျှော်တိုက်" အဖြစ် သိသာထင်ရှားစွာ ပါဝင်မည်ဟု ၎င်းကုမ္ပဏီများက ကြေညာထားသည်။
အမြင့်မီတာ ၃၇၆ မီတာ မြင့်မည့် ၎င်းမိုးမျှော်တိုက်သည် ဆောက်လုပ်ဆဲ အမြင့်မီတာ ၃၅၀ ရှိ Colombo Lotus Tower ၏ အမြင့်စံချိန်ကို ချိုးမည်ဖြစ်သည်။
The One ၏ ဒုတိယတာဝါသည် အမြင့်မီတာ ၃၂၆ မီတာနှင့် အထပ် ၈၀ ရှိမည်ဖြစ်ပြီး The Ritz-Carlton Hotel နှင့် The Ritz-Carlton Residences တို့ ပါဝင်မည်ဖြစ်သည်။ တတိယတာဝါက ၂၉၁ မီတာ မြင့်မည်ဖြစ်ကာ ၇၇ ထပ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
တည်ဆောက်မှုကို ၂၀၂၁ ခုနှစ်တွင် ပြီးစီးရန် လျာထားပြီး ၎င်းသုံးခုတွဲတာဝါက သီရိလင်္ကာ၏ အထင်ကရအောင်မြင်မှုတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း Zhongtian Construction Group Company ၏ အထွေထွေမန်နေဂျာ ဆမ်ဟူက ပြောကြားခဲ့သည်။
The One တွင် ပါဝင်မည့် Residences မျိုးစုံ၊ ရုံးခန်းမျိုးစုံ၊ အဆင့်မြင့်ရှော့ပင်း
မောလ်နှင့် အထပ်မြင့်ကားပါကင်တို့၏ စုစုပေါင်းကြမ်းခင်းဧရိယာမှာ ၄ ဒသမ ၅ သန်း စတုရန်းပေရှိသည်။ ထို့ပြင် ဝေဟင်ဘားတစ်ခုနှင့် ရဟတ်ယာဉ်ရပ်နားကွင်းတစ်ခုလည်း ပါဝင်မည်ဟု သိရသည်။
ဇီဝမက်ထရစ် လူနေမှုထောက်လှမ်းရေးစနစ်များနှင့် အိမ်တွင်းအလိုအလျောက်
စနစ်များနှင့် မော်တော်ယာဉ်စစ်ဆေးမှုစနစ်တို့ကဲ့သို့သော စမတ်နည်းပညာများ
ကိုလည်း တာဝါသုံးခုစလုံးတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ သီရိလင်္ကာတွင် တည်ဆောက်ပြီးစီးပြီးသည့် အမြင့်ဆုံးအဆောက်အအုံမှာ အမြင့်မီတာ ၁၅၂ မီတာရှိ World Trade Cente 2 ဖြစ်သည်။ လက်ရှိတွင် တောင်အာရှ၏ တည်ဆောက်ပြီးစီးပြီးသည့် အမြင့်ဆုံးမိုးမျှော်တိုက်မှာ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ အမြင့်မီတာ ၃၂၀ မီတာရှိ The Palais Royale အဆောက်အအုံဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com