အာရပ်စော်ဘွားများပြည်ထောင်စု ဒုတိယသမ္မတ/ဝန်ကြီးချုပ်နှင့် ဒူဘိုင်းအကြီးအကဲတာဝန်များ ရယူထားသူ ရှိတ် မိုဟာမက် ဘင် ရာရှစ် အယ်လ် မက်ခ်တိုအမ် ဦးဆောင်သော အစိုးရအဖွဲ့က ပုဂ္ဂလိက ကဏ္ဍ နိုင်ငံခြားအလုပ်သမားများ အာမခံကြေးနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်များ၊ ဗီဇာဆိုင်ရာ အရေးပါသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း အရှေ့အလယ်ပိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အာရပ်စော်ဘွားများပြည်ထောင်စုတွင် ယခင်က အလုပ်သမားတစ်ဦးအတွက် အာမခံကြေး ၃၀၀၀ (မြန်မာငွေ ၁၁ သိန်းကျော်) ပေးသွင်းခဲ့ရရာမှ ယခုအခါ အာရပ်ငွေ ၆၀ (မြန်မာငွေ ၂၂၁၆၉ ကျပ်) သာ ပေးဆောင်ရတော့မည်ဖြစ်သည်။
ယခုအစီအစဉ်အရ အလုပ်ရှင်တို့အပေါ် ဝန်ထုပ်ဝန်ပိုးများ လျော့ကျသွားတော့မည်ဖြစ်သည့်အပြင် လုပ်ငန်းများမှ ပေးဆောင်ထားသော အာမခံကြေး ၁၄ ဘီလီယံခန့် ပြန်လည်ရရှိမည်ဖြစ်ရာ အဆိုပါငွေများကို လုပ်ငန်းဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နိုင်တော့မည်လည်း ဖြစ်သည်။
ထို့အပြင် အလုပ်သမားတို့၏ အခွင့်အရေးများနှင့် ခံစားပိုင်ခွင့်များကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ရရှိလာစေရန် ရည်ရွယ်ထားသညည်။
ခံစားခွင့်များအနေဖြင့် အားလပ်ရက် အသုံးစရိတ်၊ အချိန်ပိုအသုံးစရိတ်၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှုဆိုင်ရာ ကဏ္ဍများ ပါဝင်သည်။
ယူအေအီးအစိုးရအဖွဲ့သည် အလည်အပတ်လာရောက်သူများ၊ အခြေချနေထိုင်သူများအတွက် ဗီဇာဖြေလျော့မှုများလည်း ပြုလုပ်ပေးခဲ့သည်။
ထို့အပြင် ခရီးစဉ်ပြောင်းလဲမည့် ခရီးသည်များ transit passengers များအတွက်လည်း ပထမ ၄၈ နာရီအတွက် ပြည်ဝင်ကြေး ကင်းလွတ်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။
ထို့အပြင် အာရပ်ငွေ ၅၀ ပေးဆောင်ကာ ၉၆ နာရီအထိ သက်တမ်းတိုးနိုင်ပြီး အာရပ်စော်ဘွားများပြည်ထောင်စုအတွင်းရှိ လေဆိပ်တိုင်းတွင် ရယူနိုင်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)