ကျူးကျော်များ နေထိုင်ရေးအစီအစဉ်နှင့်ပတ်သက်၍ NLD အစိုးရလက်ထပ်တွင် ထူးခြားမှုများရှိနေပြီဖြစ်သည်။
ပထမထူးခြားချက်မှာ မြန်မာနိုင်ငံ၏ ကျူးကျော်နေရာချထားရေး အစီအစဉ်များတွင် ယခုအကြိမ်သည် အရေအတွက် အများဆုံးဖြစ် သည်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ၏ ၁၉၅၉-၆၀ ခုနှစ်အတွင်း မြို့သစ်များတည်ဆောက်၍ ကျူးကျော် နေရာချထားရေး အစီအစဉ်အရ ပြောင်းရွှေ့နေရာချထားသည့် ကျူးကျော်အိမ်ထောင်စု ၃၀,၀၀၀ (သုံးသောင်း) ကျော်မျှသာရှိသည်။
၁၉၈၈ ခုနှစ် တပ်မတော်အစိုးရလက်ထက် မြို့ သစ်များတည်ဆောက်၍ ကျူး ကျော်နေရာချထားမှုအစီအစဉ်တွင် ကျူးကျော်အိမ်ထောင်စု ပေါင်း ၈၀,၀၀၀ (ရှစ်သောင်း)မျှသာရှိ၏။ ယခု ပြည်သူ့အစိုးရလက်ထက်၌ ကျူးကျော်အိမ်ထောင်စုပေါင်း တစ်သိန်းကျော်ရှိပြီး လူဦးရေ လေးသိန်းကျော်ရှိမည်ဟု ခန့်မှန်းထားသည်။
UNHABITAT ၏ ၂၀၁၇ ခုနှစ် ဧပြီလတွင် ထွက်ပေါ်ခဲ့သော စာရင်းအရပင် ကျူးကျော်အိမ်ထောင်စု ရှစ်သောင်းကျော်နှင့် လူဦးရေသုံးသိန်းကျော်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ယခင်ကျူးကျော်နေရာချထားမှု သမိုင်းဖြစ်စဉ်နှစ်ရပ်ထက် ယခုအကြိမ်မှာ အရေအတွက်များစွာ ပိုမိုများပြားနေခြင်းဖြစ်သည်။
ဒုတိယအချက်မှာ ယခင် ၁၉၅၉-၆၀ ခုနှစ် မြို့သစ်တည်၍ နေရာချထားခြင်းနှင့် ၁၉၈၈ မှ ၁၉၉၄ အထိ မြို့သစ်တည်၍ နေရာချထားခြင်းလုပ်ငန်းများကို တပ်မတော်အစိုးရမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယခုအကြိမ်၌ အရေအတွက် အများဆုံးကို အကောင်အထည်ဖော်ပေးရမည့် အစိုးရမှာ အရပ်သားအစိုးရဖြစ်သဖြင့် သမိုင်းဝင်မှတ်တမ်းတင်ရမည့် ထူးခြားချက်ပင်ဖြစ်သည်။
ကျူးကျော်များနှင့် ဝန်ထမ်းများနေထိုင်ရေးအတွက် ‘ဧက ၂,၀၀၀ ရှိ စီမံကိန်းတစ်ခု’ ဟူသောအချက်ကြောင့် ဧက ၂,၀၀၀ ရှိသော နယ်မြေဒေသတစ်ခုတည်း၌ပင် စီမံကိန်းကို အကောင်အထည်ဖော်မည့်သဘောပင်ဖြစ်သည်။
ဤသို့ဆိုလျှင် ၁၉၅၉-၆၀ ခုနှစ်က ကျူးများကို နေရာချထားပုံ၊ ၁၉၈၈ ခုနှစ်အလွန်က ကျူးများကို နေရာချထားပုံနှင့် အလွန်ကွဲပြားခြားနားသွားမည်ဖြစ်၏။ ဤအချက်သည် အားသာချက်ဖြစ်မည်လော၊ အားနည်းချက်ဖြစ်မည်လောမှာ ရန်ကုန်တိုင်းအစိုးရပေါ်တွင် မူတည်နေခြင်းဖြစ်သည်။
၁၉၅၉-၆၀ ခုနှစ်က ရန်ကုန်မြို့ပေါ်မှ ကျူးများအား တောင်ဥက္ကလာပသို့ အိမ်ထောင်စု ၁၁,၇၁၇ စု မြောက်ဥက္ကလာပသို့ ၁၂,၉၂၃ စု သာကေတသို့ ၉,၂၂၆ စုစသည်ဖြင့် နေရာသုံးနေရာခွဲခြားချထားပေးခဲ့သည်။
၁၉၈၈ နောက်ပိုင်းတွင် စုစုပေါင်း ကျူးကျော်အိမ်ထောင်စု ၈၄,၀၁၇ စုကို လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံ (တောင်)၊ ဒဂုံ (အရှေ့)၊ ဒဂုံ (ဆိပ်ကမ်း)နှင့် ဒဂုံ (မြောက်)တွင် ခွဲခြားချထား ပေးခဲ့၏။ အနောက်ဘက်နှင့် နီးသူများကို အနောက်ဘက်၊ မြောက်ဘက်နှင့် နီးသူများကို မြောက်ဘက်၊ အရှေ့နှင့် နီးသူများကို အရှေ့ဘက်စသည်ဖြင့် လက်ရှိနေရာဒေသနှင့် နီးရာမြို့သစ်များသို့ ပြောင်းရွှေ့နေရာချထားပေးကြောင်း တွေ့ရှိရ၏။
ယခုအခါ လှိုင်သာယာတွင်ရှိသော ကျူးများနှင့် ဒဂုံ (ဆိပ်ကမ်း) ရှိ ကျူးများကို
‘ စီမံကိန်းတစ်ခုတည်း ’ အတူပေါင်းထားမည့်အနေအထားလဲဖြစ်ပေါ်လျှက်ရှိသည်။
ကျူးကျော်များ၏ လက်ရှိနေထိုင်မှုသည် အလုပ်အကိုင်နှင့် နီးစပ် ခြင်း၊ ဆွေမျိုးမိတ်ဆွေများနှင့် နီးစပ်ခြင်းအပေါ် မူတည်ပြီး နေထိုင်ခြင်းလည်းဖြစ်သည်။
ထို့ကြောင့် မိမိတို့ အလုပ်အကိုင်နှင့် နီးရာဝန်းကျင်၌ ကျူးကျော်အခြေစိုက်နေထိုင်ကြသည် ဖြစ်၍ ဧက ၂,၀၀၀ သည် လှိုင်သာယာတွင်ဖြစ်ပါက လှိုင်သာယာရှိ ကျူးတို့အတွက် အဆင်ပြေသော်လည်း ဒဂုံ (ဆိပ်ကမ်း)၊ ဒဂုံ (တောင်) စသည်တို့မှ ကျူးများအ တွက် အခြေတကျနေရဖို့အရေးမှာ အလုပ်အကိုင်နှင့်ဝေး၍ အဆင်ပြေရန်ခက်ခဲမည်ဖြစ်သည်။ မြို့ပြစီမံ ကိန်း ပညာရှင်များ၏ လေ့လာ တွေ့ရှိချက်များအရ အလုပ်နှင့် နေအိမ်သည် တစ်နာရီအတွင်း ရောက်ရှိနိုင်သော ခရီးအကွာအဝေးသာဖြစ်သင့်ကြောင်း သုတေတနစစ်တမ်းများကဆိုသည်။
တစ်နေရာတည်းမဟုတ်ဘဲ ဖြန့်ကြက်စီစဉ်ပေးနိုင်မည့် စီမံကိန်းက ပိုမိုကောင်းမွန်မည်ဖြစ်သည်။
ဥပမာ-လှိုင်သာယာသည် လက်ရှိကျူးကျော်များ၏ ၅၀ ရာခိုင်နှုန်းနီးပါးမျှရှိ၍ ၎င်း ဒေသ၌ပင် စီမံကိန်းတစ်ခုရှိသင့်ပေသည်။ ထို့အတူ ဒဂုံမြို့သစ် လေးမြို့နယ်သည် ကျူးကျော်အရေအတွက် ဒုတိယအများဆုံးဖြစ် ၍ ၎င်းဒေသအတွင်း တစ်နေရာ၌ အလားတူ စီမံကိန်းတစ်ခုရှိသင့် ပေသည်။ ၎င်းဗဟိုချက်မနှစ်ခုနှင့် နီးရာဒေသများမှ ကျူးများအား ၎င်းနှစ်နေရာသို့ ပူးပေါင်းနေထိုင်ရန် စီစဉ်ပေးနိုင်မည်ဖြစ်ပေသည်။ သို့သော် သန်လျင်နှင့် ဒလစသည်တို့အတွက်မူ သက်ဆိုင်ရာဒေသ နှင့် စီမံကိန်းငယ်များ သီးခြား ဆောင်ရွက်သင့်သည်ဟုမြို့ ပြပညာရှင်များက အကြံပြုထားပြီဖြစ်သည်။
ထို့ ကြောင့် အရပ်သားအစိုးရလက်ထပ် ပထမဆုံးကျူးကျော်များရွှေ့ ပြောင်းရေးစီမံချက်အောင်မြင်မှုရှိမရှိကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com