ယခုအခါ စင်္ကာပူ၌ တစ်ဦးချင်းအသားတင်ပိုင်ဆိုင်မှုမြင့်မားသူဦးရေသည် ပိုမိုများပြားလာပြီဖြစ်သည်။ သူတို့၏ ပိုင်ဆိုင်မှုစုစုပေါင်းသည်လည်း ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၇၅၁ ဒသမ ၂၄ ဘီလျံ ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၁၂ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒေါ်လာ ၈၅၈ ဒသမ ၄၂ ဘီလျံသို့ မြင့်တက်ခဲ့ကြောင်း အတိုင်ပင်ခံကုမ္ပဏီ Capgemini က ထုတ်ပြန်ခဲ့သည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ချမ်းသာကြွယ်ဝမှုအစီရင်ခံစာအရ သိရသည်။
စင်္ကာပူရှိ တစ်ဦးချင်းအသားတင်ပိုင်ဆိုင်မှုမြင့်မားသူအရေအတွက်သည် ၂၀၁၆ ခုနှစ်တွင် ၁၀၉ ဦး ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၁၁ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၁၂၂ ဦး ရှိလာခဲ့သည်။
သူတို့၏ ကြွယ်ဝချမ်းသာမှုမြင့်တက်မှုသည် ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့် ပြည်တွင်းအသားတင်ထုတ်ကုန် (ဂျီဒီပီ) ဖွံ့ဖြိုးမှုနှုန်းနှင့် အိမ်ခြံမြေဈေးနှုန်းများ ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး ပြန်လည်နာလန်ထူလာမှုတို့ကြောင့် အဓိကဖြစ်ကြောင်း Capgemini ၏ ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၇ ခုနှစ်အတွင်း ဘေးကင်းလုံခြုံမှု၊ ကျန်းမာရေးစောင့်ရှောင့်မှုနှင့် အခြားလူမှုရေးစီမံချက်များအပေါ် နိုင်ငံ့အသုံးစရိတ်မှာ ဂျီဒီပီ ၂ ဒသမ ၂ ရာခိုင်နှုန်း သုံးစွဲခဲ့သဖြင့် လာမည့် ၁၀ နှစ်အတွင်း ၃ ဒသမ ၀ ရာခိုင်နှုန်းသို့ မြင့်တက်သုံးစွဲမည်ဟု ခန့်မှန်းထားချက်အရ စင်္ကာပူအစိုးရသည် ယင်းလိုအပ်ချက်များပြည့်ဝစေရန်အလို့ငှာ အခွန်များတိုးမြှင့်ကောက်ခံရန် ဆုံးဖြတ်ထားကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းရှိ တစ်ဦးချင်းအသားတင်ပိုင်ဆိုင်မှုမြင့်မားသူတို့၏ စုစုပေါင်းကြွယ်ဝချမ်းသာမှုသည်လည်း အမေရိကန်ဒေါ်လာ ၇၀ ထရီလျံ (စင်္ကာပူဒေါ်လာ ၉၄ ဒသမ ၉ ထရီလျံ) စံချိန်ကို ပထမဆုံးအကြိမ်အဖြစ် ၂၀၁၇ ခုနှစ်တွင် ကျော်လွန်ခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၁၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၁၁ ခုနှစ်ကတည်းက မြင့်တက်မှုနှုန်းဒုတိယအမြန်ဆုံးနှစ်လည်း ဖြစ်စေခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com