ပြည်တွင်း အိမ်ခြံမြေဈေးကွက်မှာလည်း အရစ်ကျစနစ်နဲ့ရောင်းချမှုတွေ အရင်ကထက် ပိုများလာသလို အိမ်ရာဝယ်ယူရာမှာ အရစ်ကျစနစ်နဲ့ အိမ်ရာ ဝယ်ယူမှု ပိုများလာပါတယ်။ ' တန်ဖိုးနည်း၊ တန်ဖိုးသင့်ဆိုတာထက်ကို လူလတ်တန်းစားအဖွဲ့တစ်ခုက လစဉ်ပေးနိုင်တဲ့ ငွေကြေးပေါ် မူတည်ပါတယ်။
အိမ်ရာလိုအပ်နေတဲ့သူတွေဟာ အငြိမ်းစား ဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေ၊ ပုဂ္ဂလိကဝန်ထမ်းတွေဖြစ်တာမို့ ဒီနှစ်ရှည်အရစ်ကျစီမံကိန်းကို အလိုရှိနေတဲ့သူတွေအတွက် အစိုးရပိုင်းကနေ ပိုပြီးဖော်ဆောင်ဖို့ လိုသလို ပြည်တွင်းလုပ်ငန်းရှင်တွေကိုလည်း အရစ်ကျစီမံကိန်းနဲ့ ဈေးသင့်တဲ့အိမ်ရာတွေပေါ်ထွက်လာဖို့ ကူညီတိုက်တွန်းပေးရမယ်၊ ငွေအားဖြင့်ဖြစ်စေ၊ ဒါမှမဟုတ်လဲ တစ်ခြားတစ်နည်းနည်းပေါ့၊ ဒါမှလဲ တိုင်းပြည်က အခွန်ရမယ်၊ အခွန်ကနေမှတစ်ဆင့် တိုင်းပြည်တိုးတက်မယ် ' လို့ တိုးတက်သာ ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်ရဲ့ CEO ဖြစ်သူ ကိုသက်နိုင်ဦးက ပြောပါတယ်။
အိမ်ခြံမြေလုပ်ငန်းရှင်တွေကိုယ်တိုင် အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတာကြောင့် ဘဏ်ချေးငွေနဲ့ အသင်းအဖွဲ့တွေဆီက ချေးငွေရယူစရာမလိုတော့ဘဲရောင်းချပေးမယ့် ကုမ္ပဏီဆီက တိုက်ရိုက်ပိုက်ဆံချေးယူနိုင်မယ့်စနစ်နဲ့ ဆင်တူပါတယ်။ မြို့ပြစနစ်ဖွံ့ဖြိုးလာတဲ့ ရန်ကုန်မြို့ရဲ့ အိမ်ရာတိုက်ခန်းတွေကလည်းဈေးနှုန်းတွေ တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာပေမဲ့ အရစ်ကျစနစ်ရဲ့အားသာချက်တွေကြောင့် အိမ်ခြံမြေပြပွဲတွေနဲ့ အိမ်ခြံမြေလုပ်ငန်းရှင်တွေရဲ့ အိမ်ရာပရောဂျက်တွေကို ဝယ်ယူသူများပြားနေဆဲ ဖြစ်ပါတယ်။ အရစ်ကျစနစ်ဆိုတာ လူတိုင်းသိထားတဲ့ နှစ်ရှည်အရစ်ကျစနစ်ကို လစဉ်အရစ်ကျပေးသွင်းတာ ဖြစ်ပါတယ်။
ရောင်းသူနဲ့ ဝယ်သူကြား သတ်မှတ်စာချုပ် ချုပ်ဆိုထားတဲ့ စည်းမျဉ်းအရ ဝယ်သူအနေနဲ့ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းပြည့် ငွေပေးချေနိုင်ပြီဆိုရင် အိမ်ပိုင်ဆိုင်နိုင်မှာ ဖြစ်သလို နေထိုင်ခွင့်ပါ ပူးတွဲရရှိမှာ ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ သတ်မှတ်ချက် ရာခိုင်နှုန်းကိုတော့ နေထိုင်ရင်း ပေးချေနိုင်မယ့် အခွင့်အရေးရရှိမှာပဲ
ဖြစ်ပါတယ်။ မြန်မာ့ထိပ်တန်းဆောက်လုပ်ရေး တစ်ခုဖြစ်တဲ့ ရွှေတောင် ဆောက်လုပ်ရေးကုမ္ပဏီဟာလည်း ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ပြီး ကွန်ဒိုတန်ဖိုးရဲ့ (၇၀)ရာခိုင်နှုန်းကို (၁၅)နှစ် အရစ်ကျပေးချေမှုပုံစံနဲ့ ဝယ်သူတွေကို ဆောင်ရွက်ပေးမယ်လို့ မတ်လက ကြေညာခဲ့ပါတယ်။ အိမ်ခြံမြေလုပ်ငန်းရှင်တွေဟာ ပထမဆုံးအိမ်ရာဝယ်ယူမယ့်သူတွေကို အဓိက ရည်ရွယ်ပြီး အရစ်ကျစနစ်ရဲ့ အားသာချက်တွေကို ခံစားခွင့်ပေးနေပါတယ်။ ရွှေတောင် ဆောက်လုပ်ရေးအပြင် ပြည်တွင်း အထင်ကရ အိမ်ခြံမြေဆောက်လုပ်ရေး တော်တော်များကလည်း အရစ်ကျစနစ်နဲ့ ပထမဦးဆုံး အိမ်ရာပိုင်ဆိုင်နိုင်ဖို့ကို ဦးတည်ပြီး အရစ်ကျစနစ်နဲ့ ရောင်းချပေးနေပါတယ်။
တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာတွေနဲ့ တန်ဖိုးမြင့် အိမ်ရာတိုင်းမှာ အရစ်ကျစနစ်နဲ့ ရောင်းချမှုတွေ မြန်မာနိုင်ငံမှာ ခေတ်စားလာတာဟာ (၁၀)နှစ် နီးပါးရှိနေပြီဖြစ်ပေမဲ့ အိမ်ရာဝယ်ချင်သူတွေဘက်ကလည်း အရစ်ကျစနစ်ရဲ့ အားသာချက်ကို သေသေချာချာ မသိကြသလို အရစ်ကျစနစ်နဲ့ ရောင်းချပြီးနောက်
လုပ်ငန်းရှင်တွေဘက်က ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာမှာကို တွေးကြောက်နေလို့သာ မတွင်ကျယ်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ အရစ်ကျစနစ်နဲ့ အိမ်ရာပိုင်ဆိုင်ချင်သူတွေ များပြားလာသလို လုပ်ငန်းရှင်တွေဘက်ကလည်း ခိုင်မြဲတဲ့ ဈေးနှုန်းသတ်မှတ်ချက်တွေနဲ့ အရစ်ကျ အစီအစဉ်တွေကို စည်းမျဉ်းစာချုပ် အပြည့်အဝသတ်မှတ်နေပြီဖြစ်လို့ ဝယ်သူနဲ့ ရောင်းသူကြား အရစ်ကျဆိုပြီး တွင်ကျယ်လာခဲ့ပါတယ်။ ရန်ကုန်
တိုင်းအစိုးရရဲ့ ဦးဆောင်မှုနဲ့ တန်ဖိုးသင့် အိမ်ရာတွေဖြစ်တဲ့ ဗိုလ်မင်းရောင်အိမ်ရာ၊ ဗိုလ်မှူးဗထူးအိမ်ရာတွေကိုလည်း အရစ်ကျစနစ်နဲ့ ရောင်းချပေးနေပါတယ်။
အိမ်ရာပိုင်ဆိုင်ချင်စိတ်တွေကို တစ်စတစ်စ တိုးပွားလာစေမယ့် အရစ်ကျစနစ်ကို ဦးဆောင်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ ဝယ်သူတွေကြား ' အရစ်ကျစနစ် ' ဟာ
လူတိုင်း အိမ်ရာပိုင်ဆိုင်နိုင်ဖို့ အခွင့်အလမ်း အများဆုံး နည်းစနစ်တစ်ခုပဲ ဖြစ်ပါတယ်။
Credit: The Kumudra