အော်စကာဆုရှင် ကမ္ဘာကျော်သရုပ်ဆောင်၊ ဒါရိုက်တာ တွမ်မီလီ ဂျုံးစ်သည် လော့စ်အိန်ဂျလိရှိ သူ၏နေအိမ်ကို အရောင်းဈေးကွက်တင် လာကြောင်း ကမ္ဘာကျော်တို့၏ သတင်းများ စုစည်းတင်ပြသည့် အမေရိကန်သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
တွမ်မီလီဂျုံးစ်သည် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ ဆန် ဆာဘာမြို့တွင် မွေးဖွားသည်။
ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဇာတ်ညွှန်းရေးသူအဖြစ် ဘဝဖြတ်သန်းခဲ့သည်။
အော်စကာဆုအတွက် အမည်စာရင်း ၄ ကြိမ်တင်သွင်းခံခဲ့ရပြီး ၁၉၉၃ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် The Fugitive ဇာတ်ကား တွင် အမေရိကန်ဗိုလ်ချုပ်ကြီး ဆင်မြူရယ် ဂျရတ်အဖြစ် ပါဝင်သရုပ်ဆောင်ကာ အကောင်းဆုံးဇာတ်ပို့အဖြစ် အော်စကာဆု ရရှိခဲ့သည်။
ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် နာမည်ကျော်သည်မှာ Lonesome Dove တွင် တက္ကဆပ်ရိန်းဂျား ဝုဒရိုး အက်ဖ် ကောလ်အဖြစ် ပါဝင်ခဲ့မှု၊ Men in Black ဇာတ်လမ်းတွဲများတွင် Agent K အဖြစ် ပါဝင်ခဲ့မှု၊ No Country for Old Men ဇာတ်ကားတွင် ပါဝင်ခဲ့မှု၊ Batman Forever ဇာတ်ကား ၊ Under Siege တွင် အကြမ်းဖက်သမား ဝီလျံ ဘီလ် စထရန်းနစ်ဇ်အဖြစ် ပါဝင်ခဲ့မှု၊ Captain America: The First Avenger ဇာတ်ကားတွင် ဗိုလ်မှူးကြီး ချက်စ်တာ ဖိလစ်အဖြစ် ပါဝင်ခဲ့မှု၊ Jason Bourne ဇာတ်ကားတွင် စီအိုင်အေ ညွှန်ကြားရေးမှူး ရောဘတ် ဒီဝေးအဖြစ် ပါဝင်ခဲ့မှုနှင့် Natural Born Killers တွင် ထောင်မှူး ဒွိုက် မက်ခ်ကလပ်စ်ကီအဖြစ်လည်း ပါဝင်ခဲ့မှုများ ဖြစ်သည်။
တွမ်မီလီဂျုံးစ်သည် The Amazing Howard Hughes ဇာတ်ကားတွင် ကမ္ဘာကျော်သူဌေးကြီး ဟောင်းဝါ့ဒ် ဟုခ်ျအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြင့်လည်း ပြင်ပကမ္ဘာမှ အစစ်အမှန်ဘဝတို့ကိုလည်း ရိုက်ကူးပုံဖော်ခဲ့သေးသည်။
တွမ်မီလီဂျုံးသည် ဖလော်ရီဒါပြည်နယ်တွင် ပိုလိုဖန်းအမည်ရှိ ယာတောကြီးတစ်ခု ပိုင်ဆိုင်ထားပြီး တန်ကြေးမှာ ကန်ဒေါ်လာ ၂၆ ဒသမ ၇၅ သန်းခန့်ရှိသည်။
တွမ်မီလီဂျုံးစ်သည် ပိုလိုကစားခြင်း ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေးရီးစ်မြို့ရှိ ပိုလိုကန်းထရီးကလပ်တွင်လည်း နေအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်။
ဖလော်ရီဒါပြည်နယ်၊ ဝယ်လင်တန်ရှိ “ဖလော်ရီဒါပိုလိုဖန်း” သည် ဧက ၅၀ ခန့် ကျယ်ဝန်းသော မွေးမြူရေးခြံကြီးအတွင်း တည်ရှိပြီး နေအိမ်တစ်လုံးပါဝင်သည်။
မိုင်နှင့်ချီ၍ရှည်လျားသော မြင်းပြေးလမ်းများ၊ အပန်းဖြေအဆောက်အအုံများ ပါဝင်ကာ အင်တာနေရှင်နယ် ပိုလိုကလပ်မှ မိုင်ဝက်ခန့်သာ ဝေးကွာသည်။
ပင်မနေအိမ်သည် စတုရန်းပေ ၁၁၀၀၀ ခန့် ကျယ်ဝန်းပြီး အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၂ ခန်း ပါဝင်သည်။
ယေဘုယျအားဖြင့် ဟောလိဝုဒ်ရုပ်ရှင်သရုပ်ဆောင် မင်းသား၊ မင်းသမီးတို့တွင် ဝါသနာကိုယ်စီရှိကြပြီး ပါပါရာဇီတို့၏ ရန်မှ လွတ်ကင်းရာ၊ လော့စ်အိန်ဂျလိနှင့် ဝေးရာသို့ထွက်ကာ အပန်းဖြေနေထိုင်ကြလေ့ရှိကြသည်။
တက္ကဆပ်ပြည်နယ်၊ ဆန်ဆာဘာမြို့တွင်လည်း နေအိမ်တစ်လုံး ပိုင်ဆိုင်ထားပြီး အဆိုပါနေအိမ်တွင် ပိုမိုနေထိုင်ဖြစ်သည်။
တွမ်မီလီဂျုံးစ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၈၅ သန်းခန့်ဖြစ်သည်ဟု ခန့်မှန်းထားကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)