ကွန်ဒိုလောသို့မဟုတ် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေသည် အိမ်ရာဖွံ့ဖြိုးရေးအတွက် အလွန်အမင်း မျှော်လင့်တောင့် တသောအချိန်၌ တွင် ချက်ချင်း မထွက်ပေါ်လာခဲ့ပဲအိမ်ရာကဏ္ဍ ရဲ့ စိုးရိမ်ရေမှတ်ကျော်လွန်မှ ထွက်ရှိခဲ့ခြင်းမှာ အိမ်ခြံမြေ ကဏ္ဍ တစ်ခုလုံး ပြန်လည်နလန်ထူရန် အခက်အခဲရှိခဲ့ပြီဖြစ်သည်။
ထို့ ကြောင့် အမှားများစွာနဲ့  တည်ဆောက်သူ များ လက်ဦးမှု ရယူနိုင်ခဲ့သောကြောင့် ကွန်ဒို ဥပဒေ ထွက်ရှိလာမှုမှာ နောက်ကျခဲ့ပြီဖြစ်သည်။
ထိုအခါ အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်း တည်ထောင်သူအများစု က ဥပဒေအပေါ်စိတ်ဝင်စားမှုလျော့ နည်းသွားခဲ့၏။
အိမ်ရာဖွံ့ဖြိုးရေးနယ်ပယ် တွင် ကွန်ဒိုဟူသော ဝေါဟာရကို ယခင် တပ်မတော်အစိုးရလက် ထက် ၁၉၉၅ ခုနှစ်ခန့်မှစတင်၍ လှိုင်လှိုင်သုံးစွဲခဲ့ကြ၏။ ဥပဒေမပေါ်သေး၍ စုပေါင်းပိုင်ဆိုင်ခွင့် မရခဲ့ပေ။ တပ်မတော်အစိုးရ အလွန် ဦးသိန်းစိန် အစိုးရလက်ထက် သို့ ရောက်ရှိသောအခါ စုပေါင်း ပိုင်အဆောက်အအုံဥပဒေ ပေါ် ပေါက်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်လာကြကြောင်း တွေ့ ရှိရ၏။ ဥပဒေမူကြမ်းကို ရှေ့နေ ချုပ်ရုံး၊ ဝန်ကြီးအဖွဲ့၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ် တော်၊ ပြည်ထောင်စုလွှတ်တော် အဆင့်ဆင့်ကို ဖြတ်သန်းနေရ သည်မှာ လေးနှစ်ခန့် ကြာမြင့်ခဲ့၏။
လိုအပ်နေသောအချိန် ပေါ်ထွက် လာခြင်းမရှိခဲ့သဖြင့် အိမ်ရာဈေး ကွက်အတွင်း၌ ‘ဘီအိုတီ’ မည် သော (Build Operate and Transfer) အိမ်ရာများ နေရာရ လာခဲ့သည်။
ရန်ကုန်မြို့၌ ၂၀၁၄ ခုနှစ်တွင် ပထမဆုံးပေါ်ပေါက်သော ဘီအိုတီအိမ်ရာကို ကွန်ဒိုအလား ထင်မှတ်မှားကြ၊ ရောင်းကြ၊ ဝယ်ကြသူများဖြင့် စည်ကားခဲ့သည်။
နိုင်ငံ တကာ ကွန်ဒိုအိမ်ရာနှင့်မခြား အခြေခံ အဆောက်အအုံများနှင့် လုံခြုံရေးစနစ် အဆင့်မြင့်ခြင်း၊ ပန်းဥယျာဉ်၊ ကားပါကင်၊ အားကစားခန်းမ စသည့် ဝန်ဆောင်မှုများ ပါဝင်ကြောင်း တွေ့ရှိရ၏။ သို့ သော် စုပေါင်းပိုင်ဆိုင်ခွင့် မရရှိ ပေ။
နှစ် ၇၀ အထိသာ တည်ဆောက်သော ကုမ္ပဏီ၏လက် ဝယ်ရှိပြီး ယင်းကာလလွန်သော် မူလမြေပိုင်ရှင်ဖြစ်သော အစိုးရဌာန၏လက်ဝယ်သို့ မြေပိုင်ဆိုင်မှုနှင့်တကွ အဆောက်အအုံပါ ပြန်လည်ရောက်ရှိသွားမည်ဖြစ် ၏။ ထိုအခါ ဘာဖြစ်လာမည်ကို မည်သူမျှ မပြောနိုင်ကြပေ။ မြေပိုင်ရှင်က အသားစီးရနေသော အနေအထားပင်ဖြစ်သည်။
ဤသို့ဖြင့် ယခင်အစိုးရသက် တမ်းကုန်ဆုံးခါနီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့သို့ ရောက်ရှိလာပြီး စုပေါင်းပိုင် အဆောက်အအုံ ဥပဒေကြီး ထွက်ပေါ်လာခဲ့သည်။ထိုအခါ အိမ်ရာကဏ္ဍသည် အမော ဖောက်ပြီး ရောင်းအားဝယ်အားကျဆင်းနေပြီဖြစ်သည်။
တစ်ဖန် ဥပဒေထွက်ပေါ်လာပြီးနောက် နည်းဥပဒေက လျင်မြန်စွာ ပေါ်ထွက်မလာနိုင် သေးပေ။ နည်းဥပဒေ အမြန်ဆုံး ထွက်ပေါ်လာပါစေဟု ဆက်လက် မျှော်လင့် တောင့်တနေကြရပြီး နောက်ထပ် ၂ နှစ်ခန့်ကြာမြင့်သောအခါမှ ထွက်ပေါ်လာခဲ့လေ၏။ လက်ရှိ အစိုးရလက်ထက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့စွဲဖြင့် စုပေါင်းပိုင် အဆောက်အအုံနည်း ဥပဒေကို ထုတ်ပြန်လိုက်သော အချိန်၌ အိမ်ရာကဏ္ဍသည် ဈေးကွက်ပျောက်ပြီး အိပ်ရာထဲတွင် ဘုန်းဘုန်းလဲနေသော လူမမာသ ဖွယ် ဖြစ်နေလေတော့၏။ အချိန် နှင့် တစ်ပြေးညီ ဥပဒေတစ်ရပ်ပေါ် ထွက်လာနိုင်မှု မရှိခဲ့ခြင်း၏အကျိုး ဆက်များကို ကောင်းစွာ သင်ခန်း စာယူသင့်ပေသည်။
ထို့နောက် နည်းဥပဒေထွက် ပေါ်လာသည်မှာ ငါးလကျော်ခဲ့ပြီ ဖြစ်သော်လည်း ဥပဒေကဲ့သို့ ဝန်ကြီးဌာန၏ရုံးတံဆိပ်ဖြင့် တရား ဝင်စာအုပ် ထုတ်ပြန်နိုင်ခြင်းမရှိ သေးပေ။
လက်ရှိ စုပေါင်းပိုင်နည်းဥပဒေကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ဦးမှာဖြစ် သည့်အတွက် အတည်မဖြစ်သေး ဟုပြောကြားလျှက်ရှိသည်။
ဥပဒေ၊ နည်းဥပဒေထွက်ပေါ် လာပြီးနောက် ပြင်ဆင်စရာရှိလျှင် အကြိမ်ပေါင်းများစွာ ပြင်ဆင်နိုင် သည်သာ ဖြစ်၏။ ထိုကဲ့သို့ ပြင် ဆင်ချက်မထွက်မီ တရားဝင်ထုတ် ပြန်ထားသည့်အတိုင်း လုပ်ဆောင် ရန်ရှိသည်များကို လုပ်ဆောင်ရ မည်မှာ သက်ဆိုင်ရာ ဌာနများ၏ အလုပ်တာဝန်သာ ဖြစ်ပေသည်။
ထို့ ကြောင့် အချိန်လွန်မှထုတ်ပြန်ခဲ့သော ကွန်ဒိုဥပဒေ (သို့ ) စုပေါင်းပိုင်အဆောက်အအုံဥပဒေမှာ မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ကဏ္ဍကို ပြန်လည်ထိန်းသိမ်းရန် နောက်ကျခဲ့ပြီဖြစ်သည်၊
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com