ဗိသုကာပညာရှင် ဝေါလေ့စ် နက်ဖ် ဒီဇိုင်းရေးဆွဲခဲ့သည့် အဆိုပါစံအိမ်ကို ကင်မရွန်ဒိုင်ယက်ဇ်နှင့် ကိတ်ဝင်းစလက်တို့ ပါဝင်သရုပ်ဆောင်သည့် ၂၀၀၆ ခုနှစ်ရုပ်ရှင်အတွင်း ထည့်သွင်းရိုက်ကူးခဲ့ဖူးသည်။
The Holiday ဇာတ်ကားတွင် ထည့်သွင်းရိုက်ကူးခဲ့သော ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းရှိ ယခုစံအိမ်သည် အရောင်းဈေးကွက်သို့ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဝင်ရောက်လာသည်။
နက်ဖ်သည် ဂျနီဖာ အန်နစ္စတန်နှင့် ဒိုင်ယန်နီ ကီးတန်တို့အတွက်လည်း နေအိမ်ဒီဇိုင်းများ ရေးဆွဲပေးခဲ့ဖူးသည်။
ဆန်မာရီနိုမြို့တွင်တည်ရှိသော ယခုနေအိမ်မှာ နှစ်ထပ်အဆောက်အအုံဖြစ်ပြီး နက်ဇ်၏ ပင်မအခြေချရာနေအိမ် ဖြစ်သည်။
အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်ကာ ဆန်မာရီနိုမြို့၊ အော်လန်ဒိုလမ်း၊ အမှတ် ၁၈၈၃ တွင် တည်ရှိသည်။
စတုရန်းပေ ၁၀၃၂၄ ကျယ်ဝန်းသည့် နေအိမ်သည် ကင်မရွန်ဒိုင်ယက်ဇ်နှင့် ကိတ်ဝင်းစလက်တို့က အားလပ်ရက်များအတွင်း အသည်းကွဲ ဝေဒနာကုစားရန် လာရောက်နေထိုင်ခဲ့သည့်နေရာအဖြစ် ရိုက်ကူးပုံဖော်ခဲ့ခြင်းဖြစ်ရာ အဆိုပါဇာတ်ကားကို နှစ်သက်စွဲလမ်းခဲ့ကြသည့် ရုပ်ရှင်ပရိသတ်ကမ္ဘာလှည့်ခရီးသည်တို့ကို ဆွဲဆောင်နိုင်သည့် နေရာတစ်ခုလည်း ဖြစ်လာသည်။
၁၉၂၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သည့်နေအိမ်အတွင်းတွင် မူရင်းလက်ရာများစွာ ကျန်ရှိနေဆဲဖြစ်သည်။
စာကြည့်တိုက်အခန်းတွင်း ကြမ်းပြင်များမှာ မူရင်းဆောက်လုပ်ခဲ့စဉ်ကအတိုင်း ဖြစ်သည်။
စပိန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ကယ်လီဖိုးနီးယား၏ အလှဆင်မွမ်းမံမှုဟန်များလည်း များစွာရောယှက်နေသည်။
မီးလင်းဖိုကြီးများမှာ အလွန်ကြီးမားလှပြီး စံမီညစာစားခန်းမှတဆင့် အိမ်နောက်ဘက်ခြံဝန်းနှင့် ပန်းဥယျာဉ်ကို တွေ့မြင်ရသည်။
The Holiday ဇာတ်ကားကို ကြည့်ရှုခဲ့သည့် ပရိသတ်များအနေဖြင့် ကင်မရွန်ဒိုင်ယက်ဇ် ချက်ပြုတ်နေခဲ့သည့် မီးဖိုဆောင်ကို မှတ်မိကြဦးမည် ဖြစ်သည်။
မြေအောက်ခန်းတွင်မူ မီဒီယာခန်းမတစ်ခု ထည့်သွင်းထားသည်။
အိမ်နောက်ဘက်ခြံဝန်းတွင် ရေတံခွန်၊ ရေကန်၊ တင်းနစ်ကွင်းနှင့် နှင်းဆီပန်းဥယျာဉ်တို့ ပါဝင်သည်။
ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၁ ဒသမ ၈ သန်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)