လက်ရှိအားဖြင့် တရုတ်ပြည်ထိပ်တန်း ကုမ္ပဏီကြီးများ ကပ်ဆိုက်နေသည်ဟု ဆိုရမည်။
Anbang ကုမ္ပဏီ၏ ဥက္ကဌမှာ အကျဉ်းကျခံသွားရပြီး Wanda မှာ လုံးပါးပါးလျက်ရှိနေကာ HNA မှာမူ ဘီလီယံပေါင်းများစွာ အကြွေးများကို ပေးဆပ်ရန်အတွက် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေအားလုံးကို ပြန်လည်ရောင်းထုတ်ရလျက်ရှိနေသည်။
Anbang ဥက္ကဌဟောင်းမှာ ဘဏ္ဍာငွေ ရှာဖွေရာတွင် မသမာမှုများနှင့် အလွဲသုံးစားပြုလုပ်မှုများဖြင့် ထောင်ဒဏ် ၁၈ နှစ်ကျခံခဲ့ရသည့်နည်းတူ Tomorrow Holding ကုမ္ပဏီအင်ပိုင်ယာကြီးမှ ရှောက်ကျန်းဟွာသည်လည်း လာဘ်ပေးမှု၊ စတော့ဈေးကွက် ခေါင်းပုံဖြတ်ခြင်းများဖြင့် တရုတ်အာဏာပိုင်တို့က ၂၀၁၇ ခုနှစ် အစောပိုင်းတွင် ထိန်းသိမ်းလိုက်ကြသည်။
ယခုအခါ တရုတ်အစိုးရက HNA ကို ကယ်တင်ရန်အတွက် အရေးပေါ်အစည်းအဝေးပြုလုပ်ကာ တိုင်ပင်ကြရလျက်ရှိပြီး နောက်ဆုံးတွင် သဘောတူလိုက်ကြသည်ဟု ဆိုသည်။
HNA ၏ ကြွေးမြီမှာ ကန်ဒေါ်လာ ၉၃ ဘီလီယံကျော်အထိ ရှိနေသည်။
သို့အတွက် ဟိုင်နန်ကျွန်းအခြေစိုက် HNA ရင်ဆိုင်နေရသော ငွေဖြစ်လွယ်မှုပြဿနာကို အကူအညီပေးသင့်ကြောင်း တရုတ်အစိုးရထိပ်တန်းအဆင့်ခေါင်းဆောင်များက ဆုံးဖြတ်ချက်ချလိုက်ကြခြင်း ဖြစ်သည်။
ဇွန်လ ၁၂ ရက်တွင် တရုတ်ပြည်သူ့ဗဟိုဘဏ်မှ ထိပ်တန်းအရာရှိတစ်ဦးသည် အစိုးရအဖွဲ့ဝင် ၃ ဦး၊ ဟိုင်နန်ကျွန်း အုပ်ချုပ်ရေးအဖွဲ့၊ HNA ၏ ပူးတွဲဥက္ကဌ ချန်းဖန်း၊ HNA ၏ အကြီးမားဆုံးမြီရှင်တို့နှင့် တွေ့ဆုံကာ HNA ၏ အနာဂတ်အတွက် ဝိုင်းဝန်းကူညီကြရန် ညွှန်ကြားခဲ့သည်။
HNA သည်ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ကြွေးမြီများ ပေးဆပ်ရန်အတွက် လုံလောက်သည့် အမြတ်အစွန်းမရခဲ့ချေ။
တစ်ချိန်က တစ်ကမ္ဘာလုံးရှိ အက်ဆက်စ်များကို အံ့အားသင့်ဖွယ်ကောင်းအောင် အဆက်မပြတ်ဝယ်ယူကာ အင်ပါယာကြီး ထူထောင်နေ ခဲ့သည့် ကုမ္ပဏီကြီးသည် ယခုအခါတွင် ဆန့်ကျင်ဘက်အခြေအနေအဖြစ် ပိုင်ဆိုင်မှုများကို ပြန်လည်ရောင်းထုတ်ရလျက်ရှိရာ ယခုနှစ် အတွင်းတွင်ပင် ကန်ဒေါ်လာ ၁၅ ဘီလီယံဖိုးခန့် ရောင်းထုတ်ခဲ့ရပြီး ဖြစ်လေသည်။
HNA ၏ ပိုင်ဆိုင်မှုများ ရောင်းထုတ်မှုကို တရုတ်အစိုးရက မည်သို့မည်ပုံ အကူအညီပေးမည်ကို မသိရသေးချေ။
ဘဏ်များက ကူညီရန် ဖြစ်နိုင်ချေအရှိဆုံးမှာ HNA ၏ ပိုင်ဆိုင်မှုများကို ဝယ်ယူရန်နှင့် ရောင်းချမှုများကို စီမံကွပ်ကဲမှုပေးသွားရန် ဖြစ်တန်ရာချေရှိသည်။
HNA ၏ အကြွေးရှင်များနှင့် အစည်းအဝေးများကိုမူ တရုတ်ဖွံ့ဖြိုးရေးဘဏ် CDB က ကွပ်ကဲသွားတော့မည် ဖြစ်သည်။
အစည်းအဝေးသို့ တက်ရောက်ခဲ့သူများတွင် တရုတ်ဘဏ်နှင့် အာမခံကွပ်ကဲမှု ကော်မရှင်မှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားငွေလဲလှယ်မှုကွပ်ကဲရေးအာဏာပိုင်အဖွဲ့၊ တရုတ်ဖွံ့ဖြိုးရေးဘဏ်၊ ဟိုင်နန်ကျွန်းအုပ်ချုပ်ရေးအဖွဲ့နှင့် HNA ၏ ပူးတွဲဥက္ကဌတို့ ပါဝင်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)