ဗြိတိန်နိုင်ငံတွင် တိုက်ခန်းတစ်ခန်းစာ ငွေပမာဏမျှဖြင့် ရဲတိုက်ကြီးတစ်လုံးပါဝင်သော ကျွန်းကြီးတစ်ကျွန်း အရောင်းဈေးကွက် ဝင်လာကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဝေလပြည်နယ် အနောက်တောင်ဘက်၊ ပမ်ဘရုတ်ခ်ရှိုင်းယားအရပ်တွင် တည်ရှိပြီး စတက်ခ် ရော့ခ် ခံတပ်ဟု အမည်ရသည့် ရဲတိုက်အဆောက်အအုံကြီးသည် ဗြိတိန်၏ ရှေးဟောင်းအမွေအနှစ် စာရင်းဝင် အဆောက်အအုံကြီးလည်း ဖြစ်သည်။
သမိုင်း၏ အစိတ်အပိုင်းတစ်ခုကို ပိုင်ဆိုင်ခွင့်ရမည့် အံ့သြဖွယ်အခွင့်အလမ်းဟု ရောင်းချသူက တင်စားထားသည်။
ခေါ်ဈေးမှာ ပေါင် ၄၀၀၀၀၀ ခန့်သာဖြစ်ပြီး သြစတေးလျနိုင်ငံ ဆစ်ဒနီကဲ့သို့ မြို့ကြီးများတွင် အိပ်ခန်းတစ်ခန်းပါ တိုက်ခန်းတစ်ခန်း ဈေးနှုန်းမျှသာ ရှိသည်။
ရဲတိုက်ခံတပ်ကြီးကို ၁၈၅၀ ပြည့်နှစ်မှ ၁၈၅၂ ခုနှစ်အကြား ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၈၅၉ ခုနှစ်တွင် အမြောက်စင် မျှော်စင်ကြီးတစ်ခု ထပ်မံထည့်သွင်းကာ အဆင့်မြှင့်တင်ခဲ့သည်။
ဗြိတိန်၏ တော်ဝင် ရေတပ်လွန်းတင်စခန်းကို အကာအကွယ်ပေးရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် ပြင်သစ်မှ နပိုလီယံ ကျူးကျော်တိုက်ခိုက်လာလျှင် ခုခံကာကွယ်ရန် ရည်ရွယ်ခဲ့သည်။
“လက်ရှိအားဖြင့် လူနေထိုင်နိုင်သည့် အခြေအနေမရှိသေးသော်လည်း ပြုပြင်မွမ်းမံဆောက်လုပ်မှုများ ပြုလုပ်ရန် အလွန်ကောင်းမွန်သည့် အလားအလာများ ရှိနေသည်” ဟု ဈေးကွက်တင်သည့် ကုမ္ပဏီက ညွှန်းဆိုထားသည်။
“ယခင်ပိုင်ရှင်များက ယခုရဲတိုက်ခံတပ်ကြီးကို ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လူနေအဆောက်အအုံတစ်ခုအဖြစ် ပြုပြင်မွမ်းမံနိုင်ရန် လေ့လာစုံစမ်းမှုများပြုလုပ်ခဲ့ကြောင်း” လည်း ဈေးကွက်တင်သည့် ကုမ္ပဏီ၏ ဖော်ပြချက်တွင် ပါရှိသည်။
အဆိုပါ ခံတပ်ကြီးတွင် တစ်ချိန်က လူ ၁၆၀ နီးပါး နေထိုင်ခဲ့ပြီး သင်္ဘောဖျက် အမြှောက်ကြီးများ ချထားခဲ့ရာ နေရာ ဖြစ်သည်။
ရဲတိုက်ကြီးတွင် အထပ် ၃ ထပ်ပါဝင်ပြီး တစ်ထပ်နှင့် တစ်ထပ်အကြား ကြောင်လိမ်လှေကားများဖြင့် ဆက်သွယ်ထားသည်။
၁၉၁၈ ခုနှစ်တွင် အသုံးမပြုတော့ဘဲ စွန့်ပစ်ခဲ့ပြီး ၁၉၃၂ ခုနှစ်တွင် ပေါင် ၆၀ မျှဖြင့် ရောင်းချခဲ့သည်။
၂၀၀၅ ခုနှစ်တွင် ထပ်မံ၍ လက်ပြောင်းလက်လွှဲဖြစ်ခဲ့ပြီး ပေါင် ၁၅၀၀၀၀ ဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့သည်။
၂၀၁၃ ခုနှစ်တွင်ကား သံသယဖြစ်ဖွယ် ချိုးဖျက်ဝင်ရောက်မှု ဖြစ်ပွားခဲ့ပြီးနောက် ပိုင်ရှင်ဖြစ်သူ ဂယ်ရီ ဖိလစ်က လုံခြုံရေးရတက်မအေးမှု ဖြစ်ခဲ့သည်။
မစ္စတာဖိလစ်၏ မိတ်ဆွေတစ်ဦးက အဆိုပါခံတပ်ကြီးရှိရာသို့ အပျော်ခရီးရွက်လွှင့်ခဲ့စဉ် ပြတင်းပေါက်ပွင့်နေသည်ကို တွေ့ရပြီး ပျက်စီးနေပုံရသည်ကိုလည်း တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်မှု တစုံတရာ မရှိခဲ့ဟု ဆိုသည်။
“ရဲအရာရှိက ကျွန်တော့်ကို ပြောတာကတော့ တံခါးအခြေအနေက ယိုယွင်းနေတဲ့အချိန်မှာ လေပြင်းတိုက်ခတ်မှုကြောင့် တံခါးပွင့်သွားတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီယူဆချက်က မခိုင်မာနိုင်တာကြောင့် ခံတပ်ကြီးကို ကျွန်တော်ကိုယ်တိုင် သွားကြည့်ခဲ့ပါတယ်” ဟု မစ္စတာ ဖိလစ်က The Pembrokeshire Herald သတင်းစာသို့ ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)