သမိုင်းတလျှောက် အောင်မြင်မှုအရဆုံး အိုလံပစ် ရေကူးချန်ပီယံ မိုက်ကယ် ဖရက်ဒ် ဖက်စ်သည် အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်ရှိ နေအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၁ သန်းဖြင့် ရောင်းချရန်စီစဉ်လျက်ရှိသည်။
မိုက်ကယ် ဖရက်ဒ် ဖက်စ်သည် သမိုင်းတစ်လျှောက်တွင် အောင်မြင်မှုအရခဲ့ဆုံး အိုလံပစ် ရေကူးချန်ပီယံဖြစ်ပြီး ကမ္ဘာ့အိုလံပစ်ဆုတံဆိပ် စုစုပေါင်း ၂၈ ခု အထိ ရရှိထားသည်။
အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဘာလ်တီမိုးရ်မြို့တွင် ၁၉၈၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် မွေးဖွားခဲ့ပြီး အသက် ၇ နှစ်အရွယ်မှ စတင်ကာ ရေကူးခဲ့သည်။
၂၀၀၁ ခုနှစ် ကမ္ဘာ့ချန်ပီယံဆု ပြိုင်ပွဲဖြစ်သော 2001 World Aquatics Championships တွင် မီတာ ၂၀၀ လိပ်ပြာကူးပြိုင်ပွဲ၌ ကမ္ဘာ့စံချိန်တင်ကာ ချန်ပီယံဖြစ်လာခဲ့သည်။
မီတာ ၂၀၀ ကို ၁ မိနစ် ၅၄ စက္ကန့်ကျော်ဖြင့် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အသက် ၁၅ နှစ်၊ ၉ လသာ ရှိသေးရာ အသက်အငယ်ဆုံး ကမ္ဘာ့စံချိန်တင်နိုင်သည့် အမျိုးသားရေကူးချန်ပီယံလည်း ဖြစ်လာခဲ့သည်။
မိုက်ကယ် ဖက်စ်က ယခုအခါ အရီဇိုးနားပြည်နယ်ရှိ သူ၏နေအိမ်ကို ဝယ်ယူခဲ့စဉ်က ဈေးနှုန်းထက် ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းဈေးတင်ကာ ရောင်းချလိုလျက်ရှိသည်။
မိုက်ကယ် ဖက်စ်သည် အရီဇိုးနားပြည်နယ်၊ စကော့စ်ဒေးလ်မြို့ရှိ နေအိမ်ကို ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
နေအိမ်အတွင်း အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၇ ခန်းပါဝင်သည်။
ယခုအခါ မိုက်ကယ်ဖက်စ်က အဆိုပါအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၁၂၅ သန်း ဈေးခေါ်ထားသည်။
အိုလံပစ်ချန်ပီယံဟောင်း မိုက်ကယ်ဖက်စ်နှင့် ဇနီးဖြစ်သူ နစ်ကိုးလ်တို့သည် ပြီးခဲ့သော ဖေဖော်ဝါရိလအတွင်း ဒုတိယမြောက်ကလေးရရှိခဲ့သောကြောင့် ပိုမိုကျယ်ဝန်းသည့် နေအိမ်သို့ ပြောင်းရွှေ့လိုသဖြင့် ယခုနေအိမ်ကို ရောင်းထုတ်လာခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။
သို့စေကာမူ ယခုနေအိမ်မှာ စတုရန်းပေ ၆၀၀၀ ခန့် ကျယ်ဝန်းရာ ကျဉ်းမြောင်းသည်ဟုကား မဆိုနိုင်ချေ။
နေအိမ်အတွင်း မီးလင်းဖို ၄ ခုနှင့် ဝိုင်ပုလင်း ၃၅၀ သိုလှောင်နိုင်သည့် ဝိုင်သိုလှောင်ခန်းတစ်ခုလည်း ပါဝင်သည်။
နေအိမ်နှင့် ခြံဝန်းတစ်ခုလုံးတွင် အကောင်းမွန်ဆုံးမှာ ကြီးမားသည့် ရေကူးကန်ကြီးဖြစ်သည်ဟု ဆိုနိုင်သည်။ မိုက်ကယ်ဖက်စ်သည် အဆိုပါရေကန်တွင် အမြဲရေကူးလေ့ကျင့်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)