ကူဝိတ်နိုင်ငံတွင် အိမ်ခြံမြေဈေးကွက် ဦးမော့နေပြီး ၂၀၁၈ ခုနှစ် ပထမ ၃ လပတ်အတွင်း အိမ်ခြံမြေ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံဖိုးအထိ ရောင်းချခဲ့ရကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ပထမ ၃ လပတ်အတွင်း ကူဝိတ်ဒိုင်နာငွေ (KD)၇၆၇ သန်း (ကန်ဒေါ်လာ ၂ ဒသမ ၅၃ ဘီလီယံ) ဖိုး ရောင်းချခဲ့ရပြီး ယင်းအနက် ၄၅ ရာခိုင်နှုန်းမှာ ပြီးခဲ့သော မတ်လအတွင်း ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း ကူဝိတ်အမျိုးသားဘဏ် (NBK) ၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။
ပုံမှန်အားဖြင့် ရာမာဒန်ဥပုသ်လနှင့် နွေကာလများတွင် ဈေးကွက်နှေးကွေးလေ့ရှိသော်လည်း ယခုနှစ်အတွင်းတွင်မူ အရောင်းအဝယ်များစွာ ဖြစ်ခဲ့ခြင်းကြောင့် ရောင်းရငွေ ပမာဏကြီးမားခဲ့ခြင်းလည်း ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုအတွက် အိမ်ခြံမြေဝယ်ယူမှု အတိုင်းအတာလည်း ကြီးကြီးမားမား ပါဝင်ခဲ့သည်ဟု ဆိုသည်။
ကူဝိတ်အမျိုးသားဘဏ် (NBK) ၏ အစီရင်ခံစာအရ ပထမ ၃ လပတ်အတွင်း အိမ်ခြံမြေကဏ္ဍစုံ ရောင်းချရမှုမှာ ၁၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း လူနေအိမ်ရောင်းချရမှု ပမာဏ ကူဝိတ်ဒိုင်နာ ၂၉၈ သန်းရှိခဲ့မှုမှာ နှစ်အလိုက်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းကျဆင်းသွားကြောင်း ဖော်ပြထားသည်။
မကြာမီကာလအတွင်း ဘဏ်တိုးနှုန်းများ မြင့်တက်လာလိမ့်မည်ဟူသော မှန်းဆချက်များကြောင့် အိမ်ခြံမြေဈေးများ ကျဆင်းလာသည့်အတွက် အရောင်းအဝယ်ဖြစ်ခဲ့ရခြင်းလည်းဖြစ်သည်ဟု ဆိုသည်။
ယခုနှစ် ပထမ ၃ လအတွင်း တန်ဖိုးကြီးအိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုအတွက် ဝယ်ယူမှုများလည်း အားကောင်းခဲ့ကြောင်း ကူဝိတ်အမျိုးသားဘဏ်က ဖော်ပြသည်။
ပထမ ၃ လပတ်အတွင်း ရင်းနှီးမြှုပ်နှံရန်အတွက် အိမ်ခြံမြေဝယ်ယူခဲ့ကြမှု စုစုပေါင်း ပမာဏမှာ ကူဝိတ်ငွေ KD ၃၅၇ သန်းဖိုး ရှိခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုအတွက် ဝယ်ယူမှုမှာ လူနေအတွက် ဝယ်ယူမှု ပမာဏထက် များပြားခဲ့သည်။
ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေဝယ်ယူမှု ပမာဏမှာ ပထမ ၃ လပတ်အတွင်း KD ၁၁၂ သန်းဖိုး ရှိခဲ့ကာ ပြီးခဲ့သောနှစ်ထက် ၄၅ ရာခိုင်နှုန်း များပြားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)