ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် လိုအပ်သောစာတွဲများကို အစိုးရအဖွဲ့က ယူနက်စကို၊ ကမ္ဘာ့ အမွေ အနှစ်ဗဟိုဌာနသို့ တင်သွင်းထားပြီပြီဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။
ယခု ၂၀၁၈ခုနှစ် ဇန်န၀ါရီလက တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလထဲတွင် ကျွမ်းကျင်ပညာရှင်အဖွဲ့ ပုဂံဒေသသို့ လာရောက်စစ်ဆေးရန်ရှိသည်ဟု ၀န်ကြီးက ဆိုသည်။
ပုဂံကို ရောထွေးနေသောရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ် ယူနက်စကို က ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကတည်းက လက်ခံခဲ့ပြီး ဖြစ်သည်။
ရောထွေးနေသော ယဉ်ကျေးမှုဇုန်အဖြစ်ဆိုသည်ကား သက်ဝင်နေသည့် ယဉ်ကျေးမှု အမွေအနှစ်အပြင် သက်မဝင်သည့် ယဉ်ကျေးမှုအမွေအနှစ်များ နှင့် လူနေရွာများနှင့်ပါ ရောထွေးနေခြင်းကို ဆိုလိုခြင်းဖြစ်သည်။
ယင်းနှစ်ထဲမှာပင် ရွှေတိဂုံစေတီတော်ကိုလည်း ယူနက်စကို က အသက်ဝင်နေသော ယဉ်ကျေးမှုဇုန်အဖြစ် မူအားဖြင့် သဘောထားခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင်ရှိသည့်ယဉ်ကျေးမှုအမွေအနှစ်များထဲမှာမှ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာစသည့်ပျူမြို့ဟောင်း(၃)မြို့မှာ (၂၀၁၄)ခုနှစ်ကတည်းက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ပြီးဖြစ်သည်။
Credit: Popular