အကြွေးနွံနစ်နေသော တရုတ်ပြည်ဟိုင်နန်ကျွန်းအခြေစိုက် အိမ်ခြံမြေ အပါအဝင် လုပ်ငန်းစုံ ကုမ္ပဏီကြီး HNA Group သည် အမေရိကန်ပြည်၊ မင်နီဆိုးတားပြည်နယ်ရှိ ဈေးဝယ်စင်တာကြီးနှင့် ကပ်လျက်ရုံးအဆောက်အအုံတစ်ခုကို ဆမ်ဆောင်းကုမ္ပဏီထံ စုစုပေါင်း ကန်ဒေါ်လာ သန်း ၃၂၀ ဖြင့် ရောင်းချလိုက်ပြန်ပြီဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ရောင်းချသည့် ဈေးဝယ်စင်တာမှာ Minneapolis City Center ဟု အမည်ရပြီး အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်၊ မင်နီယာပိုလစ်မြို့၊ တောင်ဘက် ၆ လမ်း၊ အမှတ် ၃၃ တွင် တည်ရှိသည်။
ဝယ်ယူသူမှာ တောင်ကိုရီးယားအခြေစိုက်၊ ဆမ်းဆောင်း အီလက်ထရောနစ် ကုမ္ပဏီ၏ အမေရိကန်ကုမ္ပဏီခွဲဖြစ်သော ဆီလီကွန်တောင်ကြားအခြေစိုက် Samsung Research America (SRA) က ဝယ်ယူလိုက်ခြင်းဖြစ်သည်။
HNA Group သည် ဆန်ဖရန်စစ္စကိုရှိ ရုံးခန်းအဆောက်အအုံကြီးတစ်ခုကို ကန်ဒေါ်လာ သန်း ၂၉၀ ဖြင့် ရောင်းထုတ်လိုက်သည်မှာ ရက်သတ္တပတ်ခန့်သာ ရှိသေးချိန်တွင် ယခုကဲ့သို့ ဆက်တိုက်ရောင်းထုတ်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။
HNA Group သည် ယခုလအတွင်း အမေရိကန်ပြည်ထောင်စုရှိ အဆောက်အအုံများကို ရောင်းထုတ်နေသည်မှာ ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖိုးအထိ ရှိခဲ့ပြီဖြစ်သည်။
မင်နီဆိုးတာ အကောက်ခွန်ဌာနမှ မှတ်တမ်းများအရ HNA သည် စတုရန်းပေ ပေါင်း တစ်သန်းခန့် ( ၁၀၀ ၅၃၀ စတုရန်းမီတာ) ရှိသည့် တောင်ဘက် ၆ လမ်းရုံးအဆောက်အအုံနှင့် City Center ဈေးဝယ်စင်တာတို့ကို ကန်ဒေါ်လာ သန်း ၃၂၀ ဖြင့် အိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်သော Ryan Companies ထံသို့ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
သို့ရာတွင် မင်နီဆိုးတား စတား ထရစ်ဗြွန်းသတင်းစာတွင်မူ ဝယ်လက်မှာ Samsung SRA ဖြစ်ကြောင်း ဒေသတွင်းရှိ အိမ်ခြံမြေချေးငွေမှတ်တမ်းများကို ကိုးကားကာ ဖော်ပြခဲ့သည်။
ရုံးခန်း အဆောက်အအုံကြီးမှာ ၅၂ ထပ်အမြင့်ရှိပြီး ဈေးဝယ်စင်တာမှာ စတုရန်းပေ ၆၀၀၀၀၀ ( ၅၇၀၀၀ စတုရန်းမီတာ) အကျယ်အဝန်းရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)