အာရှ-ပစိဖိတ်တွင် အကြီးမားဆုံးဟိုတယ်အုပ်စုတစ်ခုဖြစ်သော ထိုင်းအခြေစိုက် Minor International သည် အကြွေးနွံနစ်နေသော တရုတ်အခြေစိုက် လုပ်ငန်းစုံကုမ္ပဏီကြီးဖြစ်သော HNA Group ထံမှ စပိန်ရှိ NH ဟိုတယ်အုပ်စုကို ယူရို ၂ ဒသမ ၅ ဘီလီယံကျော်ဖြင့် ဝယ်ယူရန်စီစဉ်လျက်ရှိကြောင်း စင်္ကာပူအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Minor International (MINT) သည် အာရှ-ပစိဖိတ်ဒေသတွင် အကြီးမားဆုံးဟိုတယ်အုပ်စုများ၌ တစ်ခုအပါအဝင်ဖြစ်ပြီး ဟိုတယ်နှင့် အပန်းဖြေစခန်းပေါင်း ၁၅၉ ခု၊ စားသောက်ဆိုင်ပေါင်း ၂၀၀၀၊ ထိုင်းနိုင်ငံအတွင်း လက်လီအရောင်းဆိုင်ခွဲပေါင်း ၃၀၇ ခု၊ အာဖရိကမှ သြစတေးလျအထိနှင့် တောင်အမေရိက၊ ဥရောပတို့အပါအဝင် ဈေးကွက်ပေါင်း ၃၂ ခုတွင် လုပ်ငန်းများ လည်ပတ်လျက်ရှိသည့် ကုမ္ပဏီကြီးဖြစ်ကာ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် အခြေစိုက်သည်။
တရုတ်အခြေစိုက် လုပ်ငန်းစုံကုမ္ပဏီကြီးဖြစ်သော HNA Group သည် စပိန်ရှိ NH ဟိုတယ်အုပ်စု၏ အကြီးမားဆုံး ရှယ်ယာပိုင်ရှင်ဖြစ်သည်။
Minor International သည် NH ၏ ရှယ်ယာတစ်စုလျှင် ၆ ဒသမ ၄ ယူရိုဈေးဖြင့် ကမ်းလှမ်းသွားမည်ဖြစ်သည်။
HNA Group က NH ၏ ရှယ်ယာများကို Minor International သို့ အဆင့် ၂ ဆင့်ဖြင့် ရောင်းချသွားမည်ဟု ဆိုသည်။
ပထမအဆင့်တွင် ရှယ်ယာ ၁၇ ဒသမ ၆၄ ရာခိုင်နှုန်းကို ရှယ်ယာတစ်စုလျှင် ၆ ဒသမ ၄ ယူရိုနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ဇွန်လ ၁၅ ရက်တွင် အပြီးသတ်အရောင်းအဝယ်လုပ်နိုင်ရန် မျှော်မှန်းထားသည်။
ပထမအဆင့် အပြီးသတ်ပါက နောက်ထပ်ရှယ်ယာ ၈ ဒသမ ၈၃ ရာခိုင်နှုန်းကို ရှယ်ယာတစ်စုလျှင် ၆ ဒသမ ၁ ယူရိုဈေးနှုန်းဖြင့် ထပ်မံရောင်းချသွားမည်ဖြစ်ပြီး အဆိုပါဒုတိယဆင့်ကို လာမည့် စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အကြား ရောင်းချသွားနိုင်ရန် မျှော်လင့်ထားသည်။
HNA Group သည် အကြွေးနွံနစ်နေသောကြောင့် ကြွေးမြီများပြန်လည်ပေးဆပ်ရန် ပိုင်ဆိုင်မှုများကို ပြန်လည်ရောင်းထုတ်လျက်ရှိရာ ယခုနှစ်အတွင်း သြစတေးလျ၊ နယူးယောက်နှင့် ဟောင်ကောင်တို့တွင်ရှိသော အိမ်ခြံမြေ ကန်ဒေါ်လာ ၁၀ ဘီလီယံဖိုး ရောင်းထုတ်ရန် စီစဉ်ခဲ့ပြီး Deutsche Bank AG နှင့် Hilton Worldwide Holdings မှ ရှယ်ယာများလည်း အပါအဝင် ဖြစ်သည်။
ပြီးခဲ့သောနှစ်အတွင်း စပိန်သည် ပြင်သစ်ပြီးလျှင် ကမ္ဘာလှည့်ခရီးသည် ဒုတိယအများဆုံး လာရောက်လည်ပတ်ခဲ့သည့်နိုင်ငံဖြစ်ခဲ့ပြီး NH ၏ ဟိုတယ်အများစုတည်ရှိရာလည်း ဖြစ်သည်။
(NH Hotel Group)
ဌာနချုပ်- စပိန်နိုင်ငံ၊ မက်ဒရစ်မြို့
CEO- Ramón Aragonés
တည်ထောင်သူ- Antonio Catalán Díaz
စတင်တည်ထောင်ခဲ့မှု - ၁၉၇၈, ပန်မလိုနာ၊ စပိန်
ဝန်ထမ်းဦးရေ- ၁၈,၀၀၀
HNA Group သည် ကြွေးမြီများပေးဆပ်ရန်အတွက် ယခုနှစ်အတွင်း ဆန်ဖရန်စစ္စကိုရှိ ရုံးခန်းအဆောက်အအုံကြီး၊ တရုတ်ပြည်မကြီးရှိ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ကြေးရှိ အိမ်ခြံမြေ ၈ ခု၊ ဟောင်ကောင်ရှိ အဆောက်အအုံကြီး ၂ ခုကို Henderson Land ထံ ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ရောင်းချခြင်း၊ ဟောင်ကောင် developer ထံမှ ငွေချေးရန် ဆွေးနွေးခြင်းနှင့် ပြီးခဲ့သော ၂၀၁၇ နှစ်ကုန်ပိုင်းတွင် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေများကို ရောင်းထုတ်ရန် စီစဉ်များ ပြုလုပ်ခဲ့သည်။
အဆိုပါအကြောင်းရပ်များကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် တင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက
(၁) https://www.imyanmarhouse.com/news/read/738361
(၂) https://www.imyanmarhouse.com/news/read/719933
(၃) https://www.imyanmarhouse.com/news/read/709661
(၄) https://www.imyanmarhouse.com/news/read/700554
(၅) https://www.imyanmarhouse.com/news/read/693994
အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)