သီရိလင်္ကာတွင် လမ်းဖောက်လုပ်မှု စီမံကိန်းများအတွက် မြေယာများ အတင်းအဓမ္မသိမ်းယူခဲ့ခြင်းမရှိဘဲ ၂၀၁၅ ခုနှစ်မတိုင်မီက သိမ်းယူခဲ့သည့် မြေယာများအပါအဝင် မြေပိုင်ရှင်များကို ရူပီးငွေ ၄၀ ဘီလီယံနီးပါး လျော်ကြေးပေးအပ်ခဲ့ကြောင်း အဝေးပြေးလမ်းများဆိုင်ရာ ဝန်ကြီး ကဘား ဟာရှင်က ပြောကြားသည်ဟု သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့အခြေစိုက် စီးပွားရေးသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
သီရိလင်္ကာ လမ်းဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့သည် မြေယာပိုင်ရှင်များကို လျော်ကြေးငွေ သီရိလင်္ကာရူပီး ၃၉ ဒသမ ၁ ဘီလီယံ (ကန်ဒေါ်လာ ၂၄၅ သန်း) ပေးအပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်းကလည်း ယင်းနှစ်မတိုင်မီက မြေယာသိမ်းယူခြင်းခံခဲ့ရသည့် ပိုင်ရှင်များကို လျော်ကြေးအဖြစ် ရူပီးငွေ ၁၀ ဒသမ ၃၄ ဘီလီယံ ပေးအပ်ခဲ့သည်ဟု ဆိုသည်။
“၂၀၁၅ ခုနှစ်မှာ ကျွန်တော်တို့ အာဏာရလာခဲ့ပြီးနောက်ပိုင်း မည်သူတစ်ဦးတစ်ယောက်ကိုမှ နေအိမ်ကနေ အဓမ္မနှင်ထုတ်ခဲ့တာမျိုး မလုပ်ခဲ့ပါဘူး” ဟု ဝန်ကြီးဟာရှင်က ပြောကြားသည်။
သီရိလင်္ကာနိုင်ငံ၊ ယူဗားပြည်နယ်၏မြို့တော်ဖြစ်သော ဘာဒူလာတွင် ၂၀၁၅ မတိုင်မီက ဖြစ်ပျက်ခဲ့ဖူးသည့် ဖြစ်ရပ်တစ်ခုကိုလည်း ဝန်ကြီးဟာရှင်က ပြန်ပြောင်းပြောပြခဲ့သည်။
ထိုစဉ်က မိသားစုတစ်စုသည် နံနက်ပိုင်းတွင် နေအိမ်မှ ထွက်ခွာသွားပြီး ပြန်လည်ရောက်ရှိလာချိန်တွင် နေအိမ်တစ်ဝက်ခန့်မှာ ဖျက်သိမ်းခံထားရသည်ကို တွေ့ခဲ့ရသည်။
“အဲဒီအိမ်က အိမ်ရှင်မဖြစ်သူက ပျက်စီးနေတဲ့ အိမ်ထဲကို ဝင်သွားရာမှာ ပြတ်ကျနေတဲ့ ဓာတ်ကြိုးနဲ့ ထိမိပြီး ဓာတ်လိုက်ခံခဲ့ရတယ်။ အဲဒီအချိန်က သူ့မှာကိုယ်ဝန်ရှိနေတယ်လို့ ကျွန်တော့်ကို ပြောပြခဲ့ပါတယ်” ဟု ဝန်ကြီးဟာရှင်က ပြောကြားသည်။
“အဲဒီအချိန်တွေတုန်းက ပြည်သူတွေကို နေအိမ်တွေကနေ အဓမ္မမောင်းထုတ်ဖို့အတွက် ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို အသုံးပြုခဲ့ကြပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ အဓမ္မနှင်ထုတ်တာမျိုးမလုပ်ခဲ့ဘဲ မြေယာပိုင်ရှင်တွေအနေနဲ့ တခြားနေရာတွေမှာ ပြန်လည်နေထိုင်နိုင်ဖို့ လျော်ကြေးငွေ လုံလုံလောက်လောက်ပေးအပ်ခဲ့ပါတယ်”အိမ်ခြံမြေပိုင်ရှင်များအနေဖြင့် လျော်ကြေးငွေရရှိရန်၊ လျှောက်ထားနိုင်ရန် နည်းလမ်း၊ လမ်းကြောင်းများလည်း ချထားပေးခဲ့ပြီး ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။
ယခုနှစ်အတွင်းတွင်လည်း မြေယာပိုင်ရှင်များကို ထပ်မံ၍ လျော်ကြေးငွေများပေးအပ်နိုင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆွေးနွေးလျက်ရှိကြီး ဝန်ကြီးက ထုတ်ဖော်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)