တရုတ်ပြည်၊ ဟိုင်နန်ကျွန်း၊ ဟိုက်ကူးမြို့အခြေစိုက် လုပ်ငန်းစုံကုမ္ပဏီကြီးဖြစ်သော HNA Group သည် ခန့်မှန်းခြေအားဖြင့် ကြွေးမြီ ကန်ဒေါ်လာ ၁၀၀ ဘီလီယံခန့် တင်ရှိလျက်ရှိရာ အဆိုပါကြွေးမြီများကို ပေးဆပ်ရန်အတွက် အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့ရှိ ရုံးခန်းအဆောက်အအုံကြီးတစ်ခုကို ကန်ဒေါ်လာ သန်း ၂၉၀ ဖြင့် ရောင်းထုတ်ရန် စီစဉ်လာကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
HNA Group Co., Ltd ကို ၂၀၀၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြံမြေကဏ္ဍ အပါအဝင် လေကြောင်း၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ ကမ္ဘာလှည့်ခရီးသွားနှင့် အခြားလုပ်ငန်းနယ်ပယ်များစွာတွင် လုပ်ငန်းများလုပ်ဆောင်လျက်ရှိသော ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။
ဆန်ဖရန်စစ္စကိုမြို့၊ မစ်ရှင်လမ်း ၊ အမှတ် ၁၂၃ ရှိ ရုံးခန်းအဆောက်အအုံကြီးကို နယူးယောက်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Northwood Investors ထံ ရောင်းချရန် ဆွေးနွေးလျက်ရှိပြီး စတုရန်းတစ်ပေလျှင် ကန်ဒေါ်လာ ၈၄၀ နှုန်းဖြင့် ညီမျှသည့်ဈေးနှုန်း ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။
HNA Group သည် အဆိုပါအဆောက်အအုံကြီးကို ဟောင်ကောင်အခြေစိုက် Great Eagle Holdings ၏ အမေရိကန်ကုမ္ပဏီခွဲထံမှ ၂၀၁၆ ခုနှစ်၊ သြဂုတ်လအတွင်း ကန်ဒေါ်လာ ၂၅၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
၁၉၈၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ၂၉ ထပ်မြင့်မားကာ ငှားရမ်းနိုင်သည့် ကြမ်းခင်းဧရိယာစုစုပေါင်း စတုရန်းပေ ၃၃၉၀၀၀ ခန့် ရှိသည်။
လက်ရှိအားဖြင့် အမေရိကန်အခြေစိုက် cloud computing ကုမ္ပဏီ Salesforce.com နှင့် ကျန်းမာရေးစောင့်ရှောက်မှု ကုမ္ပဏီ McKesson ကော်ပိုရေးရှင်းတို့ အပါအဝင် အခြားကုမ္ပဏီများစွာ ရုံးခန်းဖွင့်လှစ်ရန် ရာနှုန်းပြည့် အငှားချထားပြီးဖြစ်သည့် အဆောက်အအုံကြီးလည်း ဖြစ်သည်။
ဝယ်ယူမည့် ကုမ္ပဏီဖြစ်သော Northwood Investors သည် တန်ကြေး ကန်ဒေါ်လာ ၇ ဘီလီယံခန့်ရှိပြီး Blackstone အမှုဆောင်အရာရှိချုပ်ဟောင်း ဂျွန် ဇက်-ကူကရယ်လ်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)