နစ်ကိုလပ်ကေ့ခ်ျသည် ငယ်စဉ်ကလေးဘဝကတည်းကပင် တစ်နေ့တွင် နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်လာကာ ဦးလေးဖြစ်သူ ဒါရိုက်တာ ဖရန့်စစ် ဖို့ဒ် ကော့ပိုလာကဲ့သို့ ခမ်းနားသည့်နေအိမ်ကြီးတစ်လုံး ပိုင်ဆိုင်ရမည်ဟု သန္တွိဌာန်ချခဲ့ဖူးသည်။
“တစ်နေ့မှာ လော့စ်အိန်ဂျလိကိုသွားမယ်၊ သရုပ်ဆောင်ပညာလေ့လာမယ်၊ ပြီးရင် ဆန်ဖရန်စစ္စကိုမှာ ကိုယ်ပိုင်အိမ်တစ်လုံး ဝယ်မယ်လို့ ကိုယ့်ကိုယ်ကို သစ္စာဆိုခဲ့ပါတယ်” ဟု နစ်ကိုလပ်ကေ့ခ်ျက ပြန်ပြောင်း ပြောပြဖူးသည်။
ယင်းနောက် အသက် ၂၅ နှစ်အရွယ် ၁၉၈၉ ခုနှစ်တွင်ပင် ဆန်ဖရန်စစ္စကိုမြို့၊ ပစိဖိတ်ဟိုက်စ်အရပ်တွင် အန်းဘုရင်မကြီး ဝိတိုရိယဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော နေအိမ်ကြီးတစ်လုံး ဝယ်ယူနိုင်ခဲ့လေသည်။
အဆိုပါနေအိမ်မှာ ငယ်စဉ်က မကြာခဏသွားရောက်လည်ပတ်ခဲ့ဖူးသော နေအိမ်နှင့် မိနစ်အနည်းငယ်သာ ဝေးကွာသည့်နေရာတွင် တည်ရှိသည်။
ယခုအခါ နစ်ကိုလပ်ကေ့ခ်ျ ငယ်စဉ်ကတည်းက သန္တွိဌာန်ချမှတ်ဝယ်ယူခဲ့သော အဆိုပါနေအိမ်ကြီး အရောင်းဈေးကွက် ဝင်လာပြီဖြစ်သည်။
နစ်ကိုလပ်ကေ့ခ်ျသည် ၁၉၉၀ ပြည့်လွန်ကာလများက စတင်ပိုင်ဆိုင်ခဲ့စဉ်က မျက်နှာစာမှာ ၁၉ ရာစုဟန်ဖြစ်ပြီး အစိမ်းရင့်ရောင် သုတ်လိမ်းထားပြီး ခြောက်ခြားဖွယ်ဟန်ပန်ရှိနေသည်။
နစ်ကိုလပ်ကေ့ခ်ျက ယင်းစံအိမ်ကြီးကို ၁၆ နှစ်ခန့် ပိုင်ဆိုင်ခဲ့သည်။
နစ်ကိုလပ်ကေ့ခ်ျ နေထိုင်ခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း ၁၂၀ သက်တမ်းရှိ ဝိတိုရိယခေတ်စံအိမ်ကြီးကို ၃ နှစ်ခန့် အချိန်ယူပြုပြင် မွမ်းမံခဲ့ပြီးနောက် ယခုအခါ ကန်ဒေါ်လာ ၁၂ သန်းဖြင့် အရောင်းဈေးကွက်တင်လိုက်ခြင်းလည်း ဖြစ်သည်။
တည်နေရာမှာ ဆန်ဖရန်စစ္စကိုမြို့၊ ဖရန်ကလင်လမ်း၊ အိမ်အမှတ် ၁၉၄၅ ဖြစ်ပြီး EST အဖွဲ့ကို တည်ထောင်သူ ဝါနာ အားဟာ့ဒ်က ၁၉၇၃ ခုနှစ်တွင် ဝယ်ယူခဲ့ကာ နေအိမ်နှင့် ရုံးခန်းအဖြစ် အသုံးပြုခဲ့သည်။
(အချက်အလက်များ)
အမျိုးအစား- ၃ ထပ်၊ မိသားတစ်စုနေထိုင်ရန် အဆောက်အအုံ
ခရိုင်- ဆန်ဖရန်စစ္စကို
တည်နေရာ- Pacific Heights အရပ်၊ ဖရန်ကလင်လမ်း၊ အမှတ် ၁၉၄၅
ဆောက်လုပ်ခဲ့သည့်ခုနှစ်- ၁၈၉၈ ခုနှစ်
ဗိသုကာဟန်- ဝိတိုရိယ
အကျယ်အဝန်း-၆၉၅၇ စတုရန်းပေ
ခန့်မှန်းတန်ဖိုး- ကန်ဒေါ်လာ ၁၁၉၁၆၁၇၉
အိပ်ခန်း- ၅
ရေချိုးခန်း-၇
စတုရန်းတစ်ပေတန်ဖိုး- ကန်ဒေါ်လာ ၁၇၂၅
နစ်ကိုလပ်ကေ့ခ်ျသည် ကယ်လီဖိုးနီးယားပြည်နယ်၊ လောင်းဘိခ်ျတွင် ၁၉၆၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်တွင် မွေးဖွားခဲ့သည်။
ရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် Leaving Las Vegas ဇာတ်ကားတွင် အရက်စွဲနေသူတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ကာ အကောင်းဆုံးဇာတ်ဆောင်အဖြစ် အော်စကာဆု ရရှိခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)