လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးရှိ ကျူးကျော်စမတ်ကတ် ရသူတစ်ဦးသည် ကျူးကျော်အိမ်ကို အခြားသူတစ်ဦးအား တစ်ဆင့်ပြန်လည်ရောင်းချခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း လှိုင်သာယာမြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောကြားသည်။
ယင်းနေရာတွင် ကျူးကျော်အိမ် ပေါင်း ၇၀ ကျော်အနက် စမတ်ကတ်ရသူ ၅၀ ကျော်ရှိကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်က မီးလောင်ခဲ့ရာ ကျူးကျော်နေအိမ်အားလုံး မီးလောင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ မီးဘေးသင့်ခဲ့သည့် ကျူးကျော်သူများကို တိုင်းဒေသကြီးအစိုးရက အိမ်ခန်းတွဲများ ဆောက်လုပ်ကာ ယာယီနေထိုင်နိုင်ရန် ဇွန်လ ၃ ရက်က မဲနှိုက်ရွေးချယ်ရာမှ ယင်းသို့ ကျူးကျော်သက်သေခံ ကတ်ပြားပိုင်ဆိုင်သည့်သူတစ်ဦးက ကျူးကျော်နေအိမ်ကို တစ်ဆင့် ရောင်းချထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းနိုင်က ရှင်းပြသည်။
“အခန်းပြန်ပေးတာက မီးဘေးသင့် ကျူးကျော်တွေထဲက စမတ်ကတ်ပြားရှိတဲ့ သူကိုပေးတာ။ စမတ်ကတ်ရှိတဲ့သူက ကတ်တော့ မရောင်းဘူး။ သူ့ကျူးကျော်အိမ်ကို ရောင်းလိုက်တယ်။ အခုက စမတ်ကတ်ပြား မရှိဘူးဆိုတဲ့သူထဲက တစ်ယောက်က ကျူးကျော်နေအိမ်ကို ကျပ်ငါးသိန်းနဲ့ ဝယ်ထားတယ်။ သူဝယ်ထားတဲ့အိမ်ကတော့ မီးထဲပါသွားတယ်။ တိုင်းအစိုးရက ကျူးကျော်စမတ်ကတ် ရောင်းချပေါင်နှံမှု မလုပ်ရဘူးလို့ ပြောထားပေမယ့် အောက်ခြေမှာ အခုလိုဖြစ်နေတာတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်တယ်”ဟု လှိုင်သာယာမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ဆိုသည်။
ကျူးကျော်စမတ်ကတ်ပြား ရောင်းချသူ၊ ဝယ်ယူသူအခြေအနေများနှင့် ပတ်သက်ပြီး မီးဘေးသင့်ပြည်သူများ ပြန်လည်နေရာချထားရေး ကော်မတီကို တင်ပြသွားကာ အိမ်ခန်းတွဲပေးရန် သင့်၊ မသင့်နှင့် မည်သို့အရေးယူဆောင်ရွက်မည်ကို အဆုံးအဖြတ်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းမီးဘေးသင့်ခဲ့သည့် ကျူးကျော်နေထိုင်သူများကို ကျန်စစ်သား လမ်းမကြီးဘေးရှိ တိုင်းဒေသကြီး အစိုးရပိုင်မြေပေါ်တွင် အကျယ် ၉ ပေ၊ အရှည် ၁၈ ပေရှိ အိမ်ခန်းတွဲများ ဆောက်လုပ်ကာ ယာယီနေထိုင်ခွင့်ပြုခြင်းဖြစ်ကာ လက်ရှိ ကျူးကျော်စမတ်ကတ်ရှိသူ ၅၃ ဦးကို အဆိုပါအခန်းများတွင် ဇွန်လ ၃ ရက်က မဲနှိုက်ကာ နေရာချထားပေးပြီးဖြစ်သည်။
Credit: The Voice