ရန်ကုန်စတော့အိတ်ချိန်းသို့ လာမည့်ဇူလိုင်လအတွင်း စာရင်းဝင်ကုမ္ပဏီအသစ်များ ထပ်မံဝင်ရောက်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က ပြောကြားသည်။
လက်ရှိအချိန်တွင် ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်ရန်အတွက် အများပြည်သူသို့ ရှယ်ယာအသစ်များရောင်းချမည့် ဂရိတ်ဟော်ခမ်းကုမ္ပဏီ၊ E.F.R သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီနှင့် Myanmar Agro Exchange အများပိုင်ကုမ္ပဏီ (MAEX) တို့က ပြင်ဆင်လျက်ရှိပြီး အဆိုပါကုမ္ပဏီများထဲမှ ကုမ္ပဏီနှစ်ခုခန့်က ဝင်ရောက်နိုင်ခြေရှိကြောင်း ၎င်းက ပြောဆိုသည်။
“သူတို့ သုံးခုထဲက တစ်ခုမဟုတ် နှစ်ခုလောက်က ဝင်လာနိုင်မယ်။ ဘယ်သူဖြစ်မလဲတော့ မသိသေးဘူး။ ဂရိတ်ဟော်ခမ်းဆိုရင် စတော့အိတ်ချိန်းဝင်ဖို့ ပြီးသလောက် အနေအထားရှိနေပြီ။ ဝန်ကြီးဌာနနဲ့ လုပ်ငန်းဆိုင်ရာစာချုပ်ရေးထိုးဖို့ စောင့်နေတာပဲရှိတယ်”ဟု ၎င်းက ရှင်းပြသည်။
ဂရိတ်ဟော်ခမ်းကုမ္ပဏီသည် ရေအားလျှပ်စစ်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီဖြစ်ပြီး E.F.R အများပိုင်ကုမ္ပဏီသည် သင်္ဘောလိုင်းနှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ သွင်းကုန် ပို့ကုန်လုပ်ငန်းနှင့် အခြား အခြေခံအဆောက်အဦလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကာ Myanmar Agro Exchange အများပိုင်ကုမ္ပဏီမှာမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အကျိုးတူပူးပေါင်းပြီး တညင်းကုန်းအဆင့်မြင့် လက်ကားဈေးသစ်ကြီး အကောင်အထည်ဖော်နေသည့် ကုမ္ပဏီဖြစ်သည်။
လက်ရှိအချိန်တွင် ရန်ကုန်စတော့ အိတ်ချိန်း၌ FMI၊ မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB)၊ ပထမပုဂ္ဂလိကဘဏ် (FPB) နှင့် TMH တယ်လီကွန်း အများပိုင်ကုမ္ပဏီတို့က ရှယ်ယာအရောင်းအဝယ်များ လုပ်ဆောင်လျက်ရှိသည်။
Credit: The Voice