ဒူဘိုင်းအစိုးရ၊ မြေယာဦးစီးဌာန (DLD) က ဒူဘိုင်းတွင် အိမ်ခြံမြေရောင်းဝယ်ရာ၌ အကျိုးဆောင်တို့၏ အခန်းကဏ္ဍနှင့် စာရွက်စာတမ်းကိစ္စများ လျှော့ချပိတ်သိမ်းနိုင်ရန်အတွက် ဝက်ဘ်ဆိုက်တစ်ခု လွှင့်တင်နိုင်ရန် စီစဉ်နေကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အိမ်ခြံမြေကိုယ်တိုင်ရောင်းဝယ်ရေး ဝက်ဘ်ဆိုက် The Real Estate Self Transaction (REST) portal ဟု အမည်ပေးမည်ဖြစ်ပြီး မြေရှင်၊ အိမ်ရှင်များအနေဖြင့် ၎င်းတို့၏ အိမ်ခြံမြေများကို အွန်လိုင်းတွင် ကိုယ်တိုင် ရောင်းဝယ်ငှားရမ်းနိုင်မည် ဖြစ်သည်။
ယခုလွှင့်တင်မည့် ဝက်ဘ်ဆိုက်ကြီးတွင် အိမ်ခြံမြေရောင်းဝယ်ခြင်းသာမက ဘဏ်များနှင့် တိုက်ရိုက်ချိတ်ဆက်ပေးထားကာ အိမ်ခြံမြေချေးငွေများလည်း ရယူနိုင်မည်ဟု ဆိုသည်။
ထို့အပြင် ရေ၊ မီးနှင့် အင်တာနက် သုံးစွဲခြင်းဆိုင်ရာ ကျသင့်ငွေများကိုလည်း အွန်လိုင်းမှ တိုက်ရိုက်ပေးချေနိုင်ရန် စီစဉ်ပေးထားမည်ဟုလည်း ဆိုသည်။
အခြားဝန်ဆောင်မှုများအနေဖြင့် ပရိဘောဂထည့်သွင်းခြင်းနှင့် နေအိမ်တွင်း အလှဆင်ခြင်းများအတွက် သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ချိတ်ဆက်ပေးထားမည်လည်း ဖြစ်သည်။
“သမားရိုးကျ လုပ်ကိုင်ပုံတွေမှာ ကြုံရတဲ့ ကန့်သတ်ချက်တွေ အတော်များများကို ဖယ်ရှားပေးလိုက်တာကြောင့် မြေရှင်တွေအနေနဲ့ သူတို့ရဲ့ အိမ်ခြံမြေတွေကို ကမ္ဘာပေါ်မှာ ဘယ်နေရာ၊ ဘယ်အချိန်ပဲဖြစ်ဖြစ် ရောင်းချနိုင်တော့မှာ ဖြစ်ပါတယ်” ဟု ဒူဘိုင်းမြေယာဦးစီးဌာန အထွေထွေညွှန်ကြားရေးမှူး ဆူလ်တန် ဘူတီ ဘင် မက်ဂ်ျရန်းက ပြောကြားသည်။
ယခုစီမံကိန်းအတွက် အိမ်ခြံမြေ developer များ၊ ဘဏ်များ၊ အစိုးရအဖွဲ့အစည်းများ၊ နည်းပညာဆိုင်ရာ အကူအညီပေးသူများစွာနှင့် လက်တွဲအကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဒူဘိုင်းမြေယာဦးစီးဌာနက ထုတ်ပြန်ထားသည်။
ယခုဝက်ဘ်ဆိုက်ကို ၂၀၂၀ ပြည့်နှစ် ပထမ ၃ လပတ်တွင် အပြီးသတ်လွှင့်တင်နိုင်ရန်အတွက် “young Emirati professionals” အဖွဲ့က စီစဉ်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)