အွန်လိုင်းကနေ ရွှေတွေ၊ လက်ဝတ်ရတနာတွေရောင်းချတဲ့ ဈေးကွက်ကြီးက ကျယ်ပြန့်လာပြီ ဖြစ်ပါတယ်။
အွန်လိုင်းကနေ လက်ဝတ်ရတနာတွေ၊ ရွှေတွေကို ဆိုင်ကြီးတွေက ပေ့ခ်ျတွေထောင်ပြီး ရောင်းချလာတာတွေအပြင်တစ်နိုင်တစ်ပိုင်လုပ်ကိုင်သူတွေက ဆိုင်ကြီးတွေနဲ့ချိတ်ပြီး လုပ်ကိုင်လာတာတွေရှိပါတယ်။ ကိုယ်ပိုင်ပန်းထိမ်အသေးလေးတွေထောင်ပြီး ရောင်းချလာတာတွေလည်းရှိတယ်။ ဆိုင်တွေက တစ်ဆင့်ယူပြီး ရောင်းသူတွေက ရောင်းချတဲ့ပစ္စည်းတွေအပေါ်မူတည်ပြီး ရာခိုင်နှုန်းတွေနဲ့ ပြန်ပေးတာဖြစ်ပါတယ်။ သည်လိုမှမဟုတ်ဘဲ ကိုယ်ပိုင်ရောင်းတဲ့သူတွေက အရစ်ကျစနစ်နဲ့ရောင်းချတာတွေပါရှိတယ်။' အွန်လိုင်းက ရွှေရောင်းတဲ့ ဈေးကွက်အခုဆို တော်တော်ကျယ်ပြန့် လာတယ်ပဲပြောရမယ်၊ ဘာလို့လဲဆိုတော့ ဦးထုံတို့ ဘာတို့လို ဆိုင်ကြီးတွေတော်တော် များများပေါ့၊ အဲဒီလို မျိုးကတောင်မှပဲ အွန်လိုင်းမှာရောင်းလာတယ်၊ အဲဒါကိုကြည့်ခြင်းအားဖြင့် အွန်လိုင်းက ရွှေရောင်းတဲ့ ဈေးကွက်ကတော့ တော်တော့်ကိုကျယ်ပြန့်လာတယ်၊ ရတနာဆိုရင်လဲ ရတနာနဲ့ပတ်သက်တဲ့ ဆိုင်ကြီးတွေဖွင့်ထားပြီး အွန်လိုင်းမှာပဲ ရောင်းလာကြတာပေါ့လို့ အွန်လိုင်းမှာ လက်ဝတ်ရတနာတွေရောင်းချနေတဲ့ မရွှေသဲဝါက ပြောပါတယ်။
အခုနောက်ပိုင်း လူတွေဆီကိုများများထိုးဖောက်နိုင်ဖို့ဆိုရင်ကျတော့ အွန်လိုင်းကနေထိုးဖောက်မှအဆင်ပြေနိုင်မှာ ဖြစ်တာကြောင့် နာမည်ရနေတဲ့ ရွှေဆိုင် ကြီးတွေတောင်မှ အွန်လိုင်းဘက်ကိုပြောင်းလဲလာတယ်လို့သိရပါတယ်။ တချို့ဆိုင်ကြီးတွေကျတော့လည်း ဖောက်သည်တွေပိုပြီး လိုချင်တာတွေကြောင့်ရောပိုပြီး ရောင်းကောင်းချင်တာတွေကြောင့်ရော အွန်လိုင်းဘက်ကိုကူးပြောင်းပြီးရောင်းချလာတယ်လို့ သိရပါတယ်။ နည်းမျိုးစုံနဲ့ ရောင်းနေပြီ
အွန်လိုင်းကနေ ရွှေတွေကိုအရစ်ကျရောင်းချလာတာတွေရှိလာပြီး တစ်နိုင်တစ်ပိုင်လုပ်ကိုင်သူတွေက ရောင်းချကြတာဖြစ်ပါတယ်။ ဆိုင်ကြီးတွေကတော့ အရစ်ကျစနစ်တွေနဲ့ ရောင်းချပေးတာတွေနည်းပါးသေးတယ်။ အရစ်ကျတွေနဲ့ ရောင်းတာတွေကတော့ အချင်းချင်းရင်းနှီးတဲ့ သူတွေကို ရောင်းချကြတာပါ။ အွန်လိုင်းမှာရောင်းချတာဖြစ်လို့ အရစ်ကျဝယ်ယူချင်တဲ့သူတွေ ရောင်းချသူတွေဘက်က တောင်းတဲ့အချက်အလက်တွေအကုန်လုံးပေးပြီးတော့မှ ဝယ်ယူလို့ရနိုင်တာပါ။
တချို့က မဲစနစ်တွေကိုသုံးပြီး ရောင်းချတာမျိုးတွေရှိပါတယ်။ မဲစနစ်တွေဆိုတာကတော့ ပစ္စည်းတစ်ခုကို ရောင်းချဖို့အတွက် လူဘယ်လောက်လိုတယ်။ တစ်ယောက်ကို ၅ဝဝဝ ဖြစ်ဖြစ် အများဆုံးကတော့ ၄၀,ဝဝဝ လောက်ထည့်ခိုင်းတာဖြစ်ပြီး ရွှေထည်တွေ စိန်ထည်တွေကို မဲစနစ်တွေနဲ့ ရောင်းချပေးတာ ဖြစ်ပါတယ်။ မဲပေါက်တဲ့သူကတော့ သူထည့်ထားတဲ့ ငွေပမာဏနည်းနည်း နဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုရယူနိုင်တာဖြစ်တာကြောင့် အွန်လိုင်းကနေ သည်လို မဲစနစ်တွေနဲ့ ရောင်းချတာတွေကို လူအများအပြားစိတ်ဝင်စားကြပြီး ထည့်တဲ့သူတွေများတာဖြစ်ပါတယ်။
အွန်လိုင်းမှာ လက်ဝတ်ရတနာတွေကို ရောင်းချနေတဲ့ မရွှေရည်သိန်းတန်က အစ်မကတော့ မဲစနစ်တွေဆိုတာထက်ကို ဆိုင်ကြီးတွေမှာဆိုရင်ကျတော့ သူတို့ကျတော့ အဘက်ဘက်ကနေ ကုန်ကျစရိတ်တွေရှိတယ်ဆိုတော့ ဈေးနှုန်းတွေကတော့ နည်းနည်းလေးများနေတယ်၊ အစ်မကကျတော့ တစ်နိုင်တစ် ပိုင်အ နေနဲ့ပဲ အွန်လိုင်းကနေရောင်းချတာဆိုတော့ တခြားကုန်ကျစရိတ်တွေလဲ မရှိဘူးဆိုတော့ အစွန်းထွက်တွေကို ဖြုတ်ပြီးတော့အလှည့်ကျမဲစနစ် နဲ့ ရောင်းပေးတာ တစ်ပတ်ကို တစ်ခါ မဲနှိုက်ပြီးပေါက်တဲ့ သူကတော့ယူပေါ့၊ မပေါက်တဲ့ သူကျတော့လဲအလှူထည့်လိုက်တယ်လို့ သဘောထားပြီး ထည့်လိုက်တယ်လို့ သတ်မှတ်ခိုင်းထားတယ်၊ အဲဒီတော့ပေါက်တဲ့ သူတွေအတွက်ကကျတော့လဲ ဈေးနှုန်းသက်သက်သာသာနဲ့ ပဲ ဝယ်နိုင်တာဆိုတော့ သူတို့တွေအတွက်လဲအဆင်ပြေနိုင်တယ်၊ အဲဒါကြောင့် မဲစနစ်တွေနဲ့ ရောင်းချတာပါလို့ ပြောပါတယ်။
အွန်လိုင်းမှာ လက်ငင်းရောင်းချတာတွေကို ဆိုင်ကြီးတွေပဲလုပ်ကြတာများတယ်ဆိုပေမဲ့ တစ်နိုင်တစ် ပိုင်လုပ်ကိုင်တဲ့ သူတွေကတော့ အရစ်ကျစနစ်တွေ၊ မဲစနစ်တွေနဲ့သာ ရောင်းချနေကြတာလို့သိရပါတယ်။
+++ စိတ်ချရပါ့မလား +++
တချို့ကျတော့ အွန်လိုင်းမှာ ရွှေမဟုတ်ဘဲ တခြားပစ္စည်းတွေကိုဝယ်ယူတယ်ဆိုရင်တောင် ရောင်းသူကဝယ်ယူသူတွေကို ဂျင်းထည့်တာတွေများနေတာကြောင့် ရွှေဝယ်မယ်ဆိုရင် အွန်လိုင်းကဝယ်ယူရမယ်ဆိုရင် ကြောက်ကြပါတယ်။အမှန်အကန်နဲ့ နာမည်တစ်ခုရပြီး ဈေးကွက်မှာရေရှည်ရပ်တည်နိုင်ဖို့ စတင်လုပ်ကိုင်နေတဲ့ သူတွေလည်းရှိပါတယ်။ အွန်လိုင်းကနေဝယ်ယူတော့မယ်ဆိုရင် ဝယ်ယူသူတွေရဲ့ တုံ့ပြန်ချက်ကောင်းကောင်းရနေပြီ ဖြစ်တဲ့သူတွေ၊ ပရိုဖိုင်ပုံကို ပုံအစစ်အမှန်တွေတင်ထားတဲ့ သူတွေဆီမှာဝယ်ယူတယ်ဆိုရင်တော့ ပိုပြီးတော့ လုံခြုံစိတ်ချလို့ရနိုင်မှာ ဖြစ်ပါတယ်။
တချို့ကျတော့ ဝယ်ယူတဲ့ပစ္စည်းတွေအပေါ်မှာ အာမခံထားပေးပြီး တစ်လအတွင်း ချို့ယွင်းမှုတစ်ခုခုဖြစ်တယ်ဆိုရင်တော့ ပြန်လည်ပြုပြင်ပေးတာမျိုး တွေကိုပြုလုပ်ပေးတယ်လို့ သိရပါတယ်။ တချို့ကျတော့လည်း ဈေးနှုန်းသက်သာပေမဲ့လည်း ရွှေရည်မပြည့်တာတွေရောင်းချတတ်တာတွေလည်းရှိပါတယ်။ ပြောပြပြီးရောင်းချတဲ့ သူတွေရှိသလိုမပြောပြဘဲ ရောင်းချတတ်တဲ့သူတွေရှိတာကြောင့် သေချာစစ်ဆေးပြီး ဝယ်တယ်ဆိုရင်တော့ ပိုပြီး အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။
ရွှေနဲ့လုပ်ထားတဲ့ စိန်ထည်ပစ္စည်းတွေကို ဝယ်ယူမယ်ဆိုရင် စိန်ကဘယ်နိုင်ငံထုတ် စိန်တွေမှန်းမသိနိုင်တာတွေကြောင့် အွန်လိုင်းကနေသည်လိုအဖိုးတန်ပစ္စည်းတွေကို ဝယ်ယူမယ်ဆိုရင်သေချာစစ်ဆေးပြီး ဝယ်ယူတာပဲဖြစ်ဖြစ် တတ်ကျွမ်းတဲ့ သူတွေကိုပြသပြီး ဝယ်ယူတယ်ဆိုရင်အဆင်ပြေနိုင်မှာဖြစ် တယ်လိုသိရပါတယ်။ အာမခံပေးတဲ့ ပစ္စည်းတွေကို ဝယ်ယူတာကတော့အကောင်းဆုံး ဖြစ်ပါတယ်။
+++ အခွန်ရှောင်ချင်လို့ မဟုတ်ပါ +++
အွန်လိုင်းကနေ သည်လိုရွှေထည်တွေ၊ လက်ဝတ်ရတနာတွေကို ရောင်းချတာတွေကို အခွန်ရှောင်ချင်တာကြောင့် သည်လိုလုပ်ကိုင်တယ်ဆိုပြီး သုံးသပ်ကြတာတွေရှိပါတယ်။ အွန်လိုင်းကနေ မှန်မှန်ကန်ကန်လုပ်ကိုင်တဲ့သူတွေကတော့ ထိုက်သင့်တဲ့အခွန်တွေကို ကောက်ခံတယ်ဆိုရင်ပေးဆောင်မှာဖြစ်ပြီး အွန်လိုင်းမှာ အဓိက ရောင်းရတဲ့ ရည်ရွယ်ချက်ကတော့ ဆိုင်ကြီးတွေမှာ ဆိုင်ခန်းခတွေအတွက် ပစ္စည်းတွေအပေါ်မှာ ဈေးတင်ထားတာတွေရှိတာကြောင့် သည်လိုတင်ထားတဲ့ ဈေးတွေအတွက်ကို အွန်လိုင်းမှာဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချတယ်ဆိုရင် အဆင်ပြေနိုင်မှာဖြစ်လို့ အွန်လိုင်းကနေရောင်းချကြတာပါ။ အွန်လိုင်းကနေ ရောင်းတယ်ဆိုရင် အင်တာနက်ဖိုးကလွဲပြီး တခြားကုန်ကျစရိတ်တွေမရှိနိုင်တာကြောင့် ပစ္စည်းကိုလည်း သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်မှာဖြစ်ပါတယ်။
'အခွန်ရှောင်ချင်လို့ အွန်လိုင်းကနေရောင်းတာတော့ မဟုတ်ပါဘူး၊ အစ်မတို့ကကျတော့ ကျောက်တွေဝယ်တာတွေက အစပေါ့၊ ကိုယ်တိုင်တူးပြီ ပြန်ရောင်းတဲ့ ကျောက်တွေကို ဝယ်တာထက်ကိုအခွန်ဆောင်ပြီးသား ကျောက်သန့်ကျောက်ကောင်းတွေကို ဝယ်ပြီးမှလုပ်ရောင်းတာပါ၊ အခွန်ရှောင်ချင်တာကြောင့် အွန်လိုင်းမှာရောင်းနေတာ မဟုတ်ပါဘူး၊ တစ်နိုင်တစ်ပိုင်အနေနဲ့ကတော့ အွန်လိုင်းမှာရောင်းပြီး နောက်ပိုင်းကျရင်တော့ဆိုင်ဖွင့်ပြီး ရပ်တည်နိုင်အောင်ပြု လုပ်သွားမှာပါလို့ မရွှေရည်သိန်းတန်က ပြောပါတယ်။
နဂါးကိုးကောင်ရတနာရွှေဆိုင်က ဒေါ်မိုးမိုးအေးက အခွန်ပိုင်းကျတော့ သူတို့တွေအွန်လိုင်းမှာယူရောင်းတဲ့ ဆိုင်တွေဘက်က လုပ်ပေးတာတွေလဲရှိတယ်၊ အဲဒီလိုပိုင်းကျတော့ သေချာမပြောနိုင်ဘူး၊ ဆိုင်ကြီးတွေမှာ ရောင်းနေပြီး အွန်လိုင်းပေါ်ရောင်းတာကကျတော့ အထွေအထူးအခွန်နဲ့ပတ်သက်ပြီးသိပ်ပြောစရာမရှိပါဘူး˘လို့ ပြောပါတယ်။
+++ အားသာချက်၊ အားနည်းချက် +++
အွန်လိုင်းမှာ ရောင်းချတာတွေမှာတော့ အားသာချက်တွေရှိသလို အားနည်းချက်တွေလည်းရှိတယ်လို့သိရပါတယ်။ အားသာချက်တွေအနေနဲ့ကတော့ အွန်လိုင်းမှာ ဒီဇိုင်းလှလှလေးတွေကို ဖန်တီးပြီးတင်ရောင်းနိုင်တာကြောင့် ဖေ့စ်ဘုတ်ခ်သုံးစွဲတဲ့ သူတွေအများအပြားမြင်တွေ့နိုင်တာဖြစ်ပြီး မိတ်အများအ ပြားရှိလာနိုင်လို့ အွန်လိုင်းကနေ သည်တစ်ချက်ကတော့ အားသာချက်တစ်ခုဖြစ်ပါတယ်။ အားနည်းချက်ကတော့ အွန်လိုင်းကနေဝယ်ယူတာတွေပြု လုပ်မယ်ဆိုရင် ပစ္စည်းတွေရဲ့ အရည်အသွေးတွေကို ကိုယ်တိုင်မျက်မြင် မကြည်နိုင်တာကြောင့်အဆင်မပြေနိုင်ပါဘူး။
နဂါးကိုးကောင် ရွှေဆိုင်က ဒေါ်မိုးမိုးအေးက ' အွန်လိုင်းမှာတင် ရောင်းလိုက်တယ်ဆိုရင်တော့ နဂိုကရှိတဲ့ မိတ်တွေထက်ကတော့ ပိုပြီးများလာတယ်။ အွန်လိုင်းကနေဝယ်တယ်ဆိုတာကျတော့ အချိန်ကုန်လူပင်ပန်းသက်သာတယ်၊ အဲဒီလိုအားသာချက်တွေကတော့ရှိတယ်လို့ ပြောတယ်။
အွန်လိုင်းကရောင်းတဲ့ ရွှေကို ပို့ဆောင်တဲ့အခါ၊ နယ်ဘက်တွေကိုဆိုရင် ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ချိတ်ဆက်ပြီး ပို့ပေးပါတယ်။ ပြည်ပကိုဆို ရင်တော့များသောအားဖြင့် လူကြုံရှိတဲ့အခါ ပြန်လာခါနီးမှ ကြိုတင်မှာတာ အဲဒါမျိုးတွေပဲရှိပါသေးတယ်။
+++ ကျယ်ပြန့်လာဦးမယ် +++
'အခု နောက်ပိုင်းမှာတော့ အွန်လိုင်းကနေ ဒီလိုမျိုး ရွှေတွေကိုရောင်းတဲ့ သူတွေကကျတော့ ကိုယ်ပိုင်ပန်းထိမ်တွေနဲ့လုပ်တာတွေလဲရှိလာပြီ၊ ပြီးတော့ဆိုင် ကြီးတွေကလဲ အွန်လိုင်းဘက်ကို ပြောင်းလာပြီဆိုတော့ ပို့ဆောင်ဆက်သွယ်ရေးပိုင်းတွေကကျတော့လဲ အရမ်းကိုအဆင်ပြေနေပြီဆိုတော့ အွန်လိုင်းကနေရောင်းနေတဲ့ ရွှေဈေးကွက်ကြီးကတော့ ဒီထက်မကပိုပြီးကြီးမားကျယ်ပြန့်လာနိုင်မှာပါလို့ အွန်လိုင်းကနေ တစ်နိုင်တစ်ပိုင်အနေနဲ့ ရွှေထည်တွေကို ရောင်းချနေတဲ့ မရွှေစင်ကိုက ပြောပါတယ်။
အခု ဖြစ်နေတာတွေကတော့ တစ်ယောက်ရောင်းလိုက်လို့ အဆင်ပြေတယ်ဆိုရင် နောက်ထပ်လူတွေကထပ်ပြီး ရောင်းချတာတွေလည်းရှိလာပါတယ်။ လုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်တော့မယ်ဆိုရင် ကိုယ့်ရဲ့ကျွမ်းကျင်တဲ့ဘက်ကနေ လုပ်ကိုင်မယ်ဆိုရင်တော့ ပိုအဆင်ပြေမှာနိုင်မှာပါ။ အခုချိန်မှာတော့ ရွှေထည်တွေကို ရောင်းချတဲ့သူတွေများလာတယ်ဆိုပေမဲ့ နောက်ပိုင်းမှာ
လုပ်ငန်းကျွမ်းကျင်မှုတွေ တကယ်စိတ်ပါဝင်စားလုပ်နိုင်တဲ့သူတွေ လောက်သာကျန်ခဲ့နိုင်မှာပါ။
Credit: The kumudra