အာရပ်စော်ဘွားများပြည်ထောင်စု (UAE ) တွင် ၁၀ နှစ်အထိ ဗီဇာခွင့်ပြုပေးရန်နှင့် ကုမ္ပဏီများကို နိုင်ငံခြားသား ရာနှုန်းပြည့် ပိုင်ဆိုင်ခွင့်ပေးရန် အာဏာပိုင်တို့က ဆုံးဖြတ်လိုက်ခြင်းကို ဒူဘိုင်း developer တို့ ကြိုဆိုလိုက်ကြကြောင်း အရှေ့အလယ်ပိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယူအေအီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် ဒူဘိုင်းတွင် end-users တို့ အိမ်ခြံမြေဝယ်ယူမှု မြင့်တက်လာစေရန် တွန်းအားတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ဒူဘိုင်းအခြေစိုက် အိမ်ခြံမြေ developer ကုမ္ပဏီ Binghatti Developers ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ မူဟာမက် ဘင်ဂက်တီက ပြောကြားသည်။
အစိုးရအဖွဲ့၏ ယခုကြေညာချက်မှာ အိမ်ခြံမြေဈေးကွက်အပေါ် ရလဒ်ကောင်းများ ကြီးမားစွာ ရရှိလာစေမည်ဟု မျှော်လင့်ကြောင်းလည်း ဘင်ဂက်တီက ပြောကြားသည်။
“အာရပ်စော်ဘွားများ ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ အကောင်းဆုံးနေရာအဖြစ် ရပ်တည်နေမှုကို အခုဆုံးဖြတ်ချက်က ပိုမိုခိုင်မာလာစေလိမ့်မှာ ဖြစ်ပါတယ်” ဟု မစ္စတာ မူဟာမက် ဘင်ဂက်တီက သုံးသပ်သည်။
အဆိုပါရင်းနှီးမြှုပ်နှံမှု ဥပဒေကို ယခုနှစ်ကုန်ပိုင်းတွင် ပြဌာန်းသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။
နိုင်ငံပိုင်သတင်းအေဂျင်စီ WAM ၏ ထုတ်ပြန်ချက်အရ အာရပ်စော်ဘွားများပြည်ထောင်စု ဒုတိယသမ္မတ၊ ဒူဘိုင်းအကြီးအကဲ ရှိတ်ခ် မိုဟာမက် ဘင် ရာရှစ် အယ်လ် မက်ခ်တိုအမ်က ယခုနှစ် တတိယသုံးလပတ်တွင် ရင်းနှီးမြှုပ်နှံမှုဥပဒေကို အသေးစိတ်လေ့လာ အကောင်အထည်ဖော်ရန် စီးပွားရေးဝန်ကြီးဌာနအား ညွှန်ကြားထားသည်။
ယင်းဥပဒေသစ်အရ ရင်းနှီးမြှုပ်နှံသူများ၊ ဆေးပညာ/သိပ္ပံပညာနှင့် နည်းပညာနယ်ပယ်များတွင် အရည်အချင်းရှိသူများကို တိုင်းပြည်အတွင်း ၁၀ နှစ်နှင့်အထက် ဗီဇာပေးအပ်သွားမည် ဖြစ်သည်။
ထို့အပြင် နိုင်ငံအတွင်း လာရောက်ပညာဆည်းပူးနေကြသည့် ကျောင်းသားများကိုလည်း ၅ နှစ်မှ ၁၀ နှစ်အထိ ဗီဇာပေးသွားမည်ဟု ဆိုသည်။
အဆိုပါကျောင်းသားများ ကျောင်းပြီးသွားပြီးနောက်ပိုင်းတွင်လည်း ဗီဇာကို သက်တမ်းတိုးမြှင့်ပေးရန်အတွက် လက်ရှိနိုင်ငံသားစနစ်ကို ပြန်လည်သုံးသပ်ပေးသွားမည် ဖြစ်သည်။
နိုင်ငံတွင်းရှိ ကုမ္ပဏီများကို နိုင်ငံခြားသား ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်ခွင့်ကိုလည်း ယခုနှစ်ကုန်တွင် အပြီးသတ် အကောင်အထည် ဖော်ဆောင်ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)