ဂျိမ်းစ်ဒင်း၏ အမည်ရင်းမှာ ဂျိမ်းစ် ဘိုင်ယွန် ဒင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်၊ မာရီယွန်မြို့၊ ၄ လမ်းနှင့် မက်ခ်ကလူးရ်လမ်းထောင့်ရှိ Seven Gables အဆောက်အအုံကြီးတွင် မွေးဖွားခဲ့သည်။
ပြိုင်ကားမောင်းနှင်ခြင်း အလွန်ဝါသနာကြီးသဖြင့် ပြိုင်ပွဲများတွင်ပင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဂျိမ်းစ်ဒင်းသည် ၁၉၅၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် Porsche 550 ပြိုင်ကားမောင်းနှင်စဉ် ကားမှောက်ကာ ဒဏ်ရာအပြင်းအထန်ရရှိပြီး ကွယ်လွန်သွားခဲ့သည်။
၁၉၉၉ ခုနှစ်တွင် အမေရိကန်ရုပ်ရှင်သိပ္ပံက ဂျိမ်းစ်ဒင်းကို ဟောလိဝုဒ်ရွှေခေတ် အကောင်းဆုံးအမျိုးသားရုပ်ရှင်သရုပ်ဆောင်စာရင်းတွင် ထည့်သွင်းရွေးချယ်ခဲ့သည်။
ဂျိမ်းစ်ဒင်း၏ ရုပ်ရှင်ကား Rebel Without A Cause တွင် ထည့်သွင်းရိုက်ကူးခဲ့ကာ ယခုအခါ အရောင်းဈေးကွက်ဝင်လာသည့် နေအိမ် တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်၏အနောက်ပိုင်း Sunset Strip အရပ်တွင် တည်ရှိပြီး ကန်ဒေါ်လာ ၃ ဒသမ ၈၄၅ သန်း ဈေးခေါ်ထားသည်။
အဆိုပါနေအိမ်ကို အသံတိတ်ရုပ်ရှင်ခေတ်သရုပ်ဆောင် ရို့စ်ကိုး ဖက်တီး အာဘတ်ကယ်လ်ပိုင်ဆိုင်ခဲ့ဖူးသည့်အပြင် ယခုဈေးကွက်တင်သွင်းလာသည့်အကျိုးဆောင် ဂျို့ရှ် ဖလက်ဂ်ျမှာလည်း Million Dollar Listing Los Angeles တွင် ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။
Million Dollar Listing Los Angeles ရုပ်သံဇာတ်လမ်းတွဲမှာ ဟောလိဝုဒ်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင် ၄ ဦး၏ ဘဝကို ရိုက်ကူးပုံဖော်ထားခြင်း ဖြစ်သည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၄၄၀၀ ရှိပြီး မူလလက်ရာများစွာကို မူရင်းမပျက်ယနေ့တိုင်ထိန်းသိမ်းထားရှိသေးသည်ဟု ဆိုသည်။
ဧည့်ခန်းဆောင်နေရာများကိုမူ ခေတ်ပြိုင်အသွင် မွမ်းမံထားပြီး ဧည့်ခန်း၊ မိသားစုနားနေခန်းနှင့် ညစာစားခန်းနေရာများတွင် သစ်မာသားကြမ်းခင်းများ ခင်းပေးထားသည်။
အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၄ ခန်း၊ အားကစားလေ့ကျင့်ခန်းမတစ်ခု၊ ရုံးခန်းနေရာတစ်ခုတို့ ပါဝင်သည်။
Master bedroom မှတစ်ဆင့် လသာဆောင်သို့ ရောက်ရှိနိုင်ပြီး ဆင်ဝင်မှ ပြင်ပသို့ထွက်လျှင် ရေကူးကန်ဆီ ဦးတည်ရောက်ရှိသွားမည် ဖြစ်သည်။
Rodeo Realty Beverly Hills ကုမ္ပဏီမှ အိမ်ခြံမြေအကျိုးဆောင် ဂျို့ရှ် ဖလက်ဂ်ျနှင့် ဘော့ဘီ ဘွိုက်ဒ်တို့က အရောင်းဈေးကွက်တင်ပေး ခဲ့ခြင်း ဖြစ်သည်။
၁၉၁၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ဟောလိဝုဒ်၏ သက်တမ်းအရင့်ဆုံးနေအိမ်များတွင် အပါအဝင်ဖြစ်သည်။
တည်နေရာ- ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဖရန်ကလင် ရိပ်သာလမ်း၊ အမှတ် ၇၅၂၉
ဈေးနှုန်း- ကန်ဒေါ်လာ ၃၈၄၅၀၀၀
စတုရန်းပေ- ၄၃၉၈
အိပ်ခန်း- ၅
ရေချိုးခန်း- ၎
ဆောက်လုပ်သည့်ခုနှစ်- ၁၉၁၂
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)