ဖလောရင့်စ် နိုက်တင်ဂေးကို ၁၈၂၀ ပြည့်နှစ်၊ မေလ ၁၂ ရက်တွင် မွေးဖွားသည်။အီတလီနိုင်ငံအလယ်ပိုင်း၊ တပ်စ်ကာနီပြည်နယ်၏မြို့တော် ဖလောရင့်စ်မြို့တွင် နေထိုင်သော ချမ်းသာကြွယ်ဝသည့် ဗြိတိသျှအထက်တန်းမိသားစုတွင် မွေးဖွားသည်။
နိုက်တင်ဂေးမွေးဖွားခဲ့ခြင်းကို ဂုဏ်ပြုသောအားဖြင့် နောက်ပိုင်းတွင် ဖလောရင့်စ်မြို့ဟု အမည်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
ကရိုင်းမီးယားစစ်ပွဲကြီးအတွင်း သူနာပြုများလေ့ကျင့်သင်ကြားမွေးထုတ်ပေးခဲ့ပြီး ဒဏ်ရာရစစ်သည်များကို စောင့်ရှောက်ကုသမှုများ ပေးခဲ့သည်။
ကရိုင်းမီးယားစစ်ပွဲသည် ၁၈၅၃ ခုနှစ်၊ အောက်တိုဘာလမှ ၁၈၅၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဖြစ်ပွားခဲ့သည့် စစ်ပွဲကြီးဖြစ်သည်။
အဆိုပါစစ်ပွဲတွင် ရုရှားအင်ပါယာသည် အော်တိုမင်အင်ပါယာ (မှတ်ချက်။ ယနေ့ခေတ်တွင် တူရကီနိုင်ငံ)၊ ပြင်သစ်၊ ဗြိတိန်နှင့် ဆာဒီးနီးယား (မှတ်ချက်။ ယနေ့ခေတ်တွင် အီတလီနိုင်ငံ) တို့ ပူးပေါင်းသည့် မဟာမိတ်အဖွဲ့ကို ရှုံးနိမ့်ခဲ့သည်။
ကရိုင်းမီးယားစစ်ပွဲတွင် ဖလောရင့်စ် နိုက်တင်ဂေးသည် ညအခါများတွင် ဒဏ်ရာရစစ်သည်များကို မီးအိမ်တစ်လုံးဖြင့် လှည့်လည် ကုသမှုပေးခဲ့သောကြောင့် “မီးအိမ်ရှင်” ဟုလည်း နာမည်ကျော်သည်။
နိုက်တင်ဂေးသည် လန်ဒန်ရှိ စိန့်သောမတ်ဆေးရုံတွင် သူနာပြုသင်တန်းဖွင့်လှစ်သင်ကြားခဲ့ရာ ကမ္ဘာပေါ်တွင် ပထမဆုံးသော သူနာပြုသင်တန်းကျောင်းလည်း ဖြစ်လေသည်။
ယနေ့အခါတွင် နိုက်တင်ဂေးကို ဂုဏ်ပြုသောအားဖြင့် ဖလောရင့်စ် နိုက်တင်ဂေးဆုတံဆိပ်များ ပေးအပ်ချီးမြှင့်လျက်ရှိရာ ကမ္ဘာပေါ်တွင် သူနာပြုတစ်ဦးရရှိနိုင်သည့် အမြင့်မားဆုံးသော ဆုတံဆိပ်လည်း ဖြစ်လာသည်။
ယနေ့အခါ ကမ္ဘာတစ်ဝန်းတွင် ကျင်းပလျက်ရှိသော နိုင်ငံတကာ သူနာပြုနေ့သည် ဖလော့ရင့်စ် နိုက်တင်ဂေး၏ မွေးနေ့လည်း ဖြစ်သည်။
အင်္ဂလန်နိုင်ငံ၊ ဒါဘီရှိုင်းယားခရိုင်၊ မက်တ်လော့ခ်မြို့ကလေးတွင် ၁၇ ရာစုအတွင်းက ဆောက်လုပ်ခဲ့သည့် လီဟောအမည်ရှိ အဆောက်အအုံကြီးတစ်ခုရှိသည်။
အဆိုပါ အဆောက်အအုံကြီးသည် ဖလောရင့်စ်နိုက်တင်ဂေး ကလေးဘဝက နေထိုင်ခဲ့ရာ နေရာဖြစ်၏။
Grade II အဆင့်ရှိ အဆောက်အအုံဖြစ်ပြီး လူပေါင်း ၂၀ ခန့် တည်းခိုနိုင်ကာ တစ်ညလျှင် ၆၅ ပေါင် (မြန်မာငွေ ၁၁၀၀၀ ခန့် - မေလ ၃၀ ၊၂၀၁၈ ငွေလဲနှုန်း- စတာလင်တစ်ပေါင်လျှင် မြန်မာငွေ ၁၇၉၅ ဒသမ ၈၄ ကျပ်နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။) မျှဖြင့် တည်းခိုနိုင်သည်ဟု ဆိုသည်။
နိုက်တင်ဂေးသည် ၁၈၂၁ ခုနှစ်တွင် အီတလီနိုင်ငံ၊ ဖလောရင့်စ်မှ အင်္ဂလန်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း မိသားစုနှင့်အတူ နေထိုင်ခဲ့ရာ နေရာဖြစ်သည်။
လက်ရှိပိုင်ရှင်များက အဆောက်အအုံကြီးကို ၁၇၀၀ ပြည့်လွန်ကာလများက ဟန်ပန်များအတိုင်း ပြန်လည်မွမ်းမံထားပြီး မူရင်းလက်ရာများစွာ ယနေ့တိုင် တွေ့မြင်နိုင်ဆဲ ဖြစ်သည်။
ဧည့်ခန်းတွင် ထင်းသုံးမီးဖိုကြီးတစ်ခုတွေ့ရပြီး ညစာစားခန်းတွင် ကြီးမားသည့် မီးပန်းဆိုင်းကြီးတစ်ခု တပ်ဆင်ထားသည်။
မီးဖိုဆောင်တွင် မိုက္ကရိုဝေ့ဖ်၊ ပန်းကန်ဆေးစက်နှင့် freezer တို့ ထည့်သွင်းပေးထားသည့်အပြင် စာကြည့်တိုက်ကြီးတစ်ခုလည်း ပါဝင်သည်။
ပထမထပ်တွင် အိပ်ခန်း ၅ ခန်းနှင့် ဒုတိယထပ်တွင် အိပ်ခန်း ၅ ခန်းပါဝင်ပြီး အခန်းတိုင်းတွင် သီးသန့်ရေချိုးခန်း ပါဝင်သည်။
လီဟော အဆောက်အအုံကြီးကို ဒေသတွင်း လယ်ယာအလုပ်သမားတစ်ဦးဖြစ်သူ သောမတ်စ် နိုက်တင်ဂေးက ၁၇၀၇ ခုနှစ်တွင် ဝယ်ယူခဲ့ပြီး သားဖြစ်သူ ပီတာကို အမွေအဖြစ် လွဲပြောင်းပေးခဲ့သည်။
ပီတာသည် ဖလောရင့်စ် နိုက်တင်ဂေး၏ မိဘများ၏ ဦးလေးတော်စပ်သူ ဖြစ်လေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)