မန္တလေး မြို့တော်စည်ပင်သာယာရေးပိုင် မြေယာနှင့် အဆောက်အအုံအချို့ကို မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေးအတွက် ကုမ္ပဏီများနှင့်ပူးပေါင်းကာ အကျိုးတူပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီက ပြောသည်။
ယခုလက်ရှိ အကျိုးတူငှားရမ်းလုပ်ကိုင်ခွင့် ပေးရန် အသင့်ဖြစ်နေသည့် နေရာများမှာ ချမ်းမြသာစည်မြို့နယ် ၄၁ လမ်းရှိ ခုနစ်ဧကကျယ်ဝန်းသည့် နွား၊ ဆိတ်၊ ဝက်သတ်စက်ရုံ မြေနေရာ၊ မဟာအောင်မြေမြို့နယ် ၈၂ လမ်းနှင့် ၈၃ လမ်းကြား၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ မန်းရတနာဈေး၊ မဟာအောင်မြေမြို့နယ် ၆၂ လမ်းနှင့် လမ်း ၆ဝ ကြားရှိ နဒီမြန်မာဟိုတယ်နှင့် တစ်ဆက်တည်း ရှိနေသည့် ရွှေပြည်မန္တလာကားကွင်းတို့ကို ကုမ္ပဏီများနှင့် အကျိုးတူ ပြုလုပ်သွားမည်ဖြစ်ပြီး စိတ်ဝင်စားပါက ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ဆိုသည်။''နဒီမြန်မာဟိုတယ်ဆိုရင် စည်ပင်က အခု လက်ဝယ်ရယူထားပြီးဖြစ်တယ်။ ဟိုတယ်နဲ့ကပ်လျက်ရှိနေတဲ့ ကားကွင်းကိုလည်း အဆင့်မြှင့်တာတွေ၊ လူနေတိုက်ခန်းတွေ၊ ဆေးရုံတွေဆောက်ဖို့ လုပ်ချင်တယ်။ မန်းရတနာဈေးဆိုရင် မြို့ထဲမှာပဲ၊ ဒါပေမဲ့ အခုဈေးက တာယာတွေ ကျွတ်တွေနဲ့ဆိုတော့ မီးရေးထင်းရေးအတွက် စိတ်မချရဘူး''ဟု သူကဆိုသည်။
''နောက်တစ်ခုက မြို့ထဲက သားသတ်စက်ရုံအဟောင်း မကြာခင်မှာပဲ ဝက်သတ်စက်ရုံကို တောင်အင်းမြောက်အင်းက စက်ရုံအသစ်ဆီ ပြောင်းတော့မယ်၊ ဒီနေရာမှာလည်း ဟိုတယ်တွေ၊ ဆေးရုံတွေ အဆင့်မြင့်လူနေတိုက်ခန်းတွေ ရင်းနှီးမြှုပ်နှံဖို့ လုပ်ဆောင်သင့်တယ်။ ဒီနေရာတွေအတွက် ကုမ္ပဏီတချို့ကလည်း ကမ်းလှမ်းမှုတွေရှိနေပါပြီ''ဟု ၄င်းက ပြောသည်။နဒီမြန်မာဟိုတယ်ကို ယခင်က လုပ်ငန်းရှင်များသို့ နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့ရာမှ ပြန်လည် သိမ်းယူထားပြီးဖြစ်သည်။ ဟိုတယ်နှင့်ကပ်လျက်ရှိနေသည့် ကားကွင်းလုပ်ကိုင်ခွင့်များကို စည်ပင်သာယာမှပင် လုပ်ကိုင်ဆောင်ရွက်နေပြီး အခြားနေရာများကိုလည်း လက်ရှိတွင် စည်ပင်သာယာက လုပ်ကိုင်ဆောင်ရွက်မှုရှိနေသည့် နေရာများလည်းဖြစ်သည်။
'' ကုမ္ပဏီတွေက တင်ပြလာတဲ့ အကြောင်းအရာတွေ ရင်းနှီးမြှုပ်နှံမှုတွေကို အသေးစိတ်စိစစ်ပြီး တိုင်းဒေသကြီးအစိုးရကို ပြန်တင်ပြရမယ်။ အစိုးရအဖွဲ့က ခွင့်ပြုမှ ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမယ် ''ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။
၂ဝ၁၅-၁၆ ခုနှစ် ဘဏ္ဍာနှစ်က မြေနေရာ များငှားရမ်းရာတွင် ၅၅၃ ဧကရှိ ရေတံခွန်တောင် ဂေါက်ကွင်းမြေနေရာကို တစ်နှစ် ကျပ်သိန်း ၅ဝ ဖြင့် ငှားရမ်းမည့်ကာလ နှစ် ၅ဝ ငှားရမ်းထားပြီး၊ ဧက ၁ဝဝ ကျော်ရှိ ရွှေမန်းတောင်ဂေါက်ကွင်းအား အကျိုးတူဆောင်ရွက်ရန် Best Premium Co.,Ltd သို့ တစ်နှစ်လျှင် ငွေကျပ် သိန်း ၂၅ဝ ဖြင့် ၁၉၉၉ ခုနှစ်မှ ၂ဝ၂၉ ခုနှစ်ထိ ငှားရမ်းထားသည်ကို မန္တလေးတိုင်းအစိုးရအဖွဲ့၏ ၂ဝ၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မှုအခြေအနေတင်ပြချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ၁ ဒသမ ၆၅ ဧကရှိ ဟိုတယ်မန္တလေးမြေနေရာကို ၁၉၉၆ ခုနှစ်မှစတင်၍ တစ်နှစ်ငှားရမ်းခ ကျပ်သိန်း ၂၈ဝ ကျော်ဖြင့်လည်းကောင်း၊ ၄ ဒသမ ၂၅ ဧကရှိ မင်းသားကြီးဟိုတယ်ကို ၁၉၉၆ ခုနှစ်မှစတင်၍ တစ်နှစ်လျှင် ကျပ်သိန်း ၂၇ဝ ကျော်ဖြင့်လည်းကောင်း ဗု ဃသ.ယူအိ က ငှားရမ်းထားသည်ဟုဆိုသည်။
မြေ တစ်ဧကခွဲကျော်ရှိ နဒီမြန်မာဟိုတယ်ကို ၂ဝဝ၇ ခုနှစ်မှစတင်၍ တစ်နှစ်လျှင် ကျပ်သိန်း ၆ဝ ကျော်ဖြင့်လည်းကောင်း၊ မြေ ၁၄ ဧကကျော်ရှိ မြို့တော်ဥယျာဉ်ခေတ်မီကစားကွင်းလုပ်ငန်းကို တစ်နှစ်လျှင် ကျပ်သိန်း ၂၆ဝ ကျော်ဖြင့် ၂ဝ၁၂ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်ထိလည်းကောင်း၊ ကန်တော်ကြီး ပတ်လည်ရှိ မြေနေရာများ၊ ထီလက်မှတ်အရောင်းဆိုင်၊ လက်ဖက်ရည်ဆိုင် မြေနေရာ၊ မိတ္တူကူးဆိုင်မြေနေရာ၊ ပန်းပျိုးပင်အလှအရောင်းဆိုင်များကိုလည်း စည်ပင်က မြေများငှားရမ်းထားရာ စုစုပေါင်းငှားရမ်းခဲ့သည့် နေရာ ၇ဝ ကျော်ထိရှိကြောင်း အစီရင်ခံစာအရ သိရသည်။
သို့သော် မန္တလေးတိုင်းအစိုးရပိုင် မြေနေရာ၊အဆောက်အအုံများ၊ ဟိုတယ်များကို ငှားရမ်းရာတွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်မှစတင်ကာ ငှားရမ်းခတန်ဖိုး တစ်ဆမှ ငါးဆထိ တိုးမြှင့်ခဲ့ကြောင်း စည်ပင်သာယာရေးကော်မတီမှ သိရသည်။
Credit: The Myanmar Times