ကျွန်းတစ်ကျွန်းကို ဝယ်ယူရန် အခွင့်အလမ်းပေါ်လာပြီဆိုပါက ဦးစွာတွေးထင်မိမည်မှာ မြို့ပြနှင့် မိုင်ပေါင်း ထောင်ချီဝေးကွာသည့်အရပ်တွင် တည်ရှိမည်ဟုသာ မှတ်ထင်ကြမည်ဖြစ်သည်။
သို့ရာတွင် ယခုအခါ အရောင်းဈေးကွက်ဝင်လာသော ကျွန်းမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့နှင့် မိနစ် ၉၀ ခရီးသာ ဝေးကွာပြီး ကျွန်းနှင့်ကျွန်းပေါ် လူနေအဆောက်အအုံများအားလုံးကို ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းမျှဖြင့် ရောင်းချလာသည်။
အာလူးကျွန်းဟု အမည်တွင်ရခြင်းမှာ ကမ်းခြေရှိ အာလူးပုံကျောက်တုံးကြီးများကို အစွဲပြုကာ မှည့်ခေါ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
အာလူးကျွန်းသည် ကျွန်းငယ်ကလေးပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော Thimble Islands ကျွန်းစုအတွင်း ပါဝင်သော ကျွန်းငယ်တစ်ခု ဖြစ်သည်။
Thimble Islands ကျွန်းစုအတွင်းရှိ ကျွန်းများအနက် ကျွန်းပေါင်း ၂၃ ခုမှာ လူတို့အခြေချနေထိုင်နိုင်သည့် အခြေအနေမရှိချေ။
အာလူးကျွန်း၏ တည်နေရာမှာ ကွန်နက်တီကပ်ပြည်နယ်၊ ဘရန်းဖို့ဒ်မြို့၊ အရှေ့တောင်ဘက်ရှိ စတိုနီ ခရိခ် ဆိပ်ကမ်းအနီး တည်ရှိသည်။
ကျွန်း၏ အကျယ်အဝန်းမှာ ၁ ဒသမ ၁ ဧကခန့်ရှိပြီး ၁၉၁၂ ခုနှစ်က ဆောက်လုပ်ခဲ့သည့် အိပ်ခန်း ၄ ခန်းပါ နေအိမ်တစ်လုံး ပါဝင်သည်။
နေအိမ်အကျယ်အဝန်း ၃၈၇၁ စတုရန်းပေရှိပြီး ဆောက်လုပ်ပြီးနောက်ပိုင်း နှစ်ပေါင်းများစွာသော ကာလအတွင်း ပြုပြင်မွမ်းမံမှု ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သည်။
လက်ရှိပိုင်ရှင်များမှာ ရစ်ချတ်နှင့် ကက်သရင်း ကာဟန်တို့ ဇနီးမောင်နှံဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် ကန်ဒေါ်လာ ၉၀၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
လက်ရှိအားဖြင့်မူ ကျွန်းပေါ်ရှိ နေအိမ်မှာ များစွာချွတ်ယွင်းပျက်စီးနေပြီဖြစ်သည်။
ရစ်ချတ်ကာဟန်တို့သည် နေအိမ်ဝယ်ယူပြီး နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ပြုပြင်မွမ်းမံမှု ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပြီးနောက် နေအိမ်တစ်ခုလုံးကို ပြန်လည်ဆောက်လုပ်ခဲ့ကာ သစ်ပင်ပန်းမန်များ၊ ပန်းဥယျာဉ်များနှင့် ရေကန်တို့ ထည့်သွင်းခဲ့သည်။
ကုန်းမြေပေါ်မှ ကိုက် ၅၀ ခန့်အကွာတွင် ရွက်လှေဆိုက်ကပ်ရန် လှေဆိပ်တစ်ခုအပြင် ရေနက်ဆိပ်ကမ်းတစ်ခုလည်း ပါဝင်သည်။
စတိုနီ ခရိခ်ကျေးရွာဆိပ်ကမ်းသို့ ၅ မိနစ်ခရီးသာရှိပြီး နယူးယောက်၏ နာမည်ကျော် မန်ဟက်တန်နှင့် မိနစ် ၉၀ ခန့် သွားရမည် ဖြစ်သည်။
ဧည့်ခန်းအတွင်း အမြင်အာရုံကို ပထမဆုံးဖမ်းစားမည့်အရာမှာ ကြီးမားလှသည့် မီးလင်းဖိုကြီးဖြစ်သည်။
သစ်မာသားကြမ်းခင်းများခင်းထားပြီး beadboard များဖြင့် မွမ်းမံထားသည်။
နေအိမ်၏ အခန်းတိုင်းမှ ရှုခင်းကောင်းများရရှိစေရန် ပြန်လည်ဆောက်လုပ်ခဲ့ကြောင်း မစ္စတာ ကာဟန်က ပြောကြားသည်။
ဆိုလာပြားများဖြင့် ဓာတ်အားပေးထားပြီး အရေးပေါ်လျှပ်စစ်ဓာတ်အားပေးစက်လည်း ရှိသည်။
ယင်းနေအိမ်သည် နှစ်ပေါင်းများစွာကာလအတွင်း အရောင်းဈေးကွက်သို့ ကြိမ်ဖန်များစွာ ဝင်ချည်ထွက်ချည် ဖြစ်နေခဲ့သည်။
ပထမဆုံးအရောင်းဈေးကွက်တင်ခဲ့သည်မှာ Christie’s မှတစ်ဆင့်ဖြစ်ပြီး ထိုစဉ်က ကန်ဒေါ်လာ ၇ ဒသမ ၃၅ သန်း ဈေးခေါ်ခဲ့သည်။
ယခုဈေးနှုန်းမှာ နယူးယောက်မြို့၏ မည်သည့်ဇိမ်ခံလူနေခန်းဈေးနှုန်းနှင့် နှိုင်းယှဉ်သည်ဖြစ်စေ တစ်စတုရန်းပေ တန်ဖိုးမှာ များစွာသက်သာနေသည့်အပြင် မူရင်းခေါ်ဈေးအောက် များစွာလျှော့ချထားခြင်းလည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)