တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီက ကနေဒါ၏ အကြီးမားဆုံး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Aecon Group အား ကန်ဒေါ်လာ တစ်ဘီလီယံကျော်ဖြင့် ဝယ်ယူရန် နှစ်ဘက်ညှိနှိုင်းနေမှုများကို ကနေဒါအစိုးရက ပယ်ချကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
CCCC ကုမ္ပဏီက Aecon Group အား ဝယ်ယူရန် ကမ်းလှမ်းညှိနှိုင်းမှုကို ကနေဒါအမျိုးသားလုံခြုံရေးအဖွဲ့အစည်းများက အဆင့်ပေါင်း များစွာပါဝင်သည့် အမျိုးသားလုံခြုံရေး စိစစ်သုံးသပ်ချက်များ ပြုလုပ်ခဲ့ကြောင်း ကနေဒါ တီထွင်ဖန်တီးမှု၊ သိပ္ပံနှင့် စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီး နက်ဗ်ဒိ(ပ်) ဘိန်းစ်က ထုတ်ဖော်ပြောကြားသည်။
“စိစစ်တွေ့ရှိချက်တွေအရ အမျိုးသားလုံခြုံရေးကို ကာကွယ်နိုင်ဖို့အတွက် အခုလိုအဆိုပြုကမ်းလှမ်းထားတဲ့ ရင်းနှီးမြှုပ်နှံမှုကို အကောင်အထည်မဖော်ဖို့ CCCI ကို ကျွန်တော်တို့ ညွန်ကြားခဲ့ပါတယ်။ ကျွန်တော်တို့အစိုးရဟာ အလုပ်အကိုင်တွေဖန်တီးပေးနိုင်ဖို့နဲ့ ကြီးပွားကြွယ်ဝမှု မြင့်တက်စေဖို့အတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို တံခါးဖွင့်ထားပါတယ်။ ဒါပေမယ့် အမျိုးသားလုံခြုံရေးကိုတော့ ထိခိုက်လို့ မဖြစ်ပါဘူး” ဟု ဘိန်းစ်က သူ၏ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။
CCCI သည် တရုတ်အစိုးရပိုင် တရုတ်ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးကုမ္ပဏီလိမိတက် (CCCC) ၏ လက်ခွဲကုမ္ပဏီဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ရည်ရွယ်သည်။
ပြီးခဲ့သော ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းတွင် ယခုအရောင်းအဝယ်ပြုလုပ်ရန် ညှိနှိုင်းခဲ့ကြခြင်းဖြစ်ပြီး Aecon ၏ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက် ရှယ်ယာပေါက်ဈေးဖြင့် ရှယ်ယာ ၄၂ ရာခိုင်နှုန်း အရောင်းအဝယ်ပြုလုပ်ရန် သဘောတူညီခဲ့ကြသည်။
ယခုအရောင်းအဝယ်ကို အစိုးရက ပယ်ချပိတ်ပင်လိုက်ခြင်းအပေါ် များစွာစိတ်ပျက်မိကြောင်း Aecon ကုမ္ပဏီက ထုတ်ပြန်သည်။
“ကနေဒါမှာ လုပ်ငန်းတွေ အကောင်အထည်ဖော်နေကြတဲ့ တစ်ကမ္ဘာလုံးက ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ပိုကောင်းဖို့ ရည်ရွယ်ပြီး CCCI နဲ့ အရောင်းအဝယ်လုပ်ဖို့ ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။”ဟု Aecon Group ၏ ဥက္ကဌက ထုတ်ပြန်သော ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။
CCCI က ဝယ်ယူမည်ကို ရတက်မအေးဖြစ်ခြင်းမှာ Aecon သည် ကနေဒါအစိုးရ၏ အရေးပါသော အချက်အလက်များကို ကိုင်တွယ်ထားရခြင်းကြောင့် အမျိုးသားလုံခြုံရေးအတွက် ရတက်မအေးဖြစ်ရခြင်းဖြစ်သည်ဟု ဆိုသည်။
“Aecon ဟာ ကနေဒါအစိုးရရဲ့ အရေးကြီးတဲ့ စီမံကိန်းအများကြီးရထားတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ စစ်ဘက်နဲ့ လက်တွဲအကောင်အထည်ဖော်နေတာတွေအပြင် အနုမြူကဏ္ဍမှာလည်း ပူးပေါင်းလုပ်ဆောင်နေတာတွေရှိပါတယ်” ဟု ကွန်ဆာဗေးတစ် အမတ်တစ်ဦးဖြစ်သူ တိုနီ ကလီမန့်က ပြောကြားသည်။
Aecon က တုံ့ပြန်ရာတွင် မိမိတို့ကုမ္ပဏီသည် ကနေဒါတွင် စစ်ဘက်နှင့်ပူးတွဲသည့် လျှို့ဝှက်စီမံကိန်းများမရှိသည့်အပြင် အနုမြူစွမ်းအင်နှင့် စပ်လျဉ်းသည့် မည်သည့်အချက်အလက်များမှလည်း ရရှိထားခြင်းမရှိကြောင်း တုံ့ပြန်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)