မန္တလေးမြို့တော် စက်မှုဇုန်ဧရိယာရှိ ဂိုဒေါင်ပါမြေကွက်များ အငှားသွက်နေကြောင်း မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အချို့ထံမှ သိရသည်။
ပြည်တွင်းထွက် အသီး၊ အနှံများကို ပြည်ပသို့ တိုက်ရိုက်တင်ပို့နိုင်ရန်အတွက် သန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ကုန်စည်သိုလှောင်နိုင်ရန် တရုတ်နိုင်ငံသားအများစု လာရောက်ငှားရမ်းနေသည်ဟု မန္တလေးမြို့ ဝသုနြေ္ဒ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးမျိုးမြင့်အောင်က ပြောကြားသည်။
“လုပ်ငန်းလုပ်ချင်လို့ ဂိုဒေါင်ပါ ဧကကျယ်မြေကွက်တွေ အငှားများတယ်။ စက်မှုဘက်မှာဆိုရင် ဂိုဒေါင်ပါ မြေနေရာကျယ်ကျယ်တွေ ဒီလပိုင်းမှာ ငှားစရာနေရာကို မရှိတော့ဘူး”ဟု ၎င်းက ပြောဆိုသည်။
ဂိုဒေါင်ပါမြေကွက်ကျယ်များကို ငှားရမ်းသူများသော်လည်း မြေကွက်အလွတ်များကိုမူ ငှားရမ်းလိုသူနည်းပါးပြီး တစ်ဧကအကျယ် မြေကွက်လွတ်တစ်ကွက်လျှင် တစ်လငှားရမ်းခ ကျပ်သိန်း ၃၀ မှ သိန်း ၅၀ ကြားရှိကာ ဂိုဒေါင်ပါမြေကွက်သည် ကျပ်သိန်း ၈၀ မှ သိန်း ၁၀၀ အထိပေး၍ ငှားရမ်းနေသည်ဟု မန္တလေး အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
လုပ်ငန်းရှင်များအနေနှင့် ဂိုဒေါင်ပါနေရာများကို ငှားရမ်းလာကြသောကြောင့် စီးပွားရေးအခွင့်အလမ်း ပြန်လည်ကောင်းမွန်လာနိုင်သည်ဟု မျှော်လင့်ရကြောင်း မန္တလေးမြို့တော်အခြေစိုက် ဖိုးလမင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးဝဏ္ဏစိုးက ပြောဆိုသည်။
မြန်မာနိုင်ငံထွက် စိုက်ပျိုးသီးနှံများကို ပြည်တွင်းအထိ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူသည့် တရုတ်ဝယ်လက်များကြောင့် ဂိုဒေါင်ပါမြေကွက်များ အငှားသွက်စေခဲ့ခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံ ကုန်သည်များအသိုင်းအဝိုင်းထံမှ သိရသည်။
Credit: The Voice