နယူးယောက်အခြေစိုက် Blackstone ကုမ္ပဏီက ကမ္ဘာကျော် LaSalle ဟိုတယ်အုပ်စုကို ကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံဖြင့် ဝယ်ယူရန် သဘောတူကြပြီဖြစ်ပြီး ငွေသားဖြင့် ပေးချေရန်လည်း သဘောတူညီခဲ့ကြကြောင်း ရိုက်တာနှင့် ဘလွန်းဘာ့ဂ်ျသတင်းများတွင် ဖော်ပြသည်။
LaSalle ဟိုတယ်အုပ်စုသည် အမေရိကန်ပြည်ထောင်စု၏ အချက်အခြာ ၁၁ နေရာတွင် ဟိုတယ်ပေါင်း ၄၁ လုံး ပိုင်ဆိုင်ထားပြီး အခြားဟိုတယ်ကုမ္ပဏီများက လည်ပတ်လုပ်ကိုင်လျက်ရှိသည်။
Blackstone က LaSalle ဟိုတယ်အုပ်စု၏ ရှယ်ယာများကို တစ်စုလျှင် ကန်ဒေါ်လာ ၃၃ ဒသမ ၅၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ငွေသားဖြင့် ပေးချေမည် ဖြစ်သည်။
LaSalle ဟိုတယ်အုပ်စုကို ဝယ်ယူရန် ဦးစွာကမ်းလှမ်းခဲ့သည်မှာ ပြိုင်ဖက်ဟိုတယ်အုပ်စု Pebblebrook Hotel Trust မှဖြစ်ပြီး ယင်းကမ်းလှမ်းချက်ကို LaSalle က ပယ်ချခဲ့သည်။
ယခုအရောင်းအဝယ်မှာ LaSalle ၏ ကြွေးမြီများ အပါအဝင် ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံတန်ကြေးရှိသည်။
LaSalle အရောင်းအဝယ်ကိစ္စပေါ်ပေါက်ပြီးနောက်ပိုင်း ၎င်း၏ ရှယ်ယာဈေးများမှာ ၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်သွားသည်။
အလားတူပင် Blackstone ၏ ရှယ်ယာများလည်း ၀ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ကာ Pebblebrook ၏ ရှယ်ယာမှာ ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
Pebblebrook က ထုတ်ပြန်ခဲ့ရာတွင် ၎င်းတို့ကမ်းလှမ်းခဲ့သည့်ဈေးမှာ ယခုအရောင်းအဝယ်ဖြစ်သွားသည့်ဈေးထက် ပိုမိုမြင့်မားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
Pebblebrook က LaSalle ၏ ရှယ်ယာတစ်စုလျှင် ကန်ဒေါ်လာ ၃၅ ဒသမ ၈၉ ဒေါ်လာဖြင့် ဝယ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ယင်းပမာဏမှ ၀ ဒသမ ၉၂ ရာခိုင်နှုန်းကို Pebblebrook ၏ ရှယ်ယာများဖြင့် ပေးချေမည် ဖြစ်သည်။
သို့အတွက် LaSalle ၏ shareholders များက လက်ငင်းငွေသားပေးချေမှုကို ရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။
LaSalle ၏ ဥက္ကဌ စတာ့ဒ် စကော့က ပြောကြားရာတွင်လည်း Blackstone မှာ ငွေသားဖြင့် ပေးချေရန် ကမ်းလှမ်းခြင်းဖြစ်သောကြောင့် လက်ခံရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ပြောကြားသည်။
Blackstone သည် ယခုကဲ့သို့ ဟိုတယ်အုပ်စုဝယ်ယူမှု ပြုလုပ်လျက်ရှိသည့် တချိန်တည်းတွင်ပင် Hilton Worldwide Holdings Inc. တွင် ရင်းနှီးမြှုပ်နှံထားမှုများကို ရောင်းထုတ်လျက်ရှိနေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)