အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေးခိုလှုံလျက်ရှိသော တရုတ်ဘီလျံနာကြီး ကောက်ဝမ်ကွေ့သည် နယူးယောက်ရှိ ဇိမ်ခံလူနေခန်းကို ကန်ဒေါ်လာ ၁၈ သန်းဈေးလျှော့ကာ အရောင်းဈေးကွက်တင်လာသည်။
ကောက်ဝမ်ကွေ့သည် အမေရိကန်ပြည်သို့ ၂၀၁၅ ခုနှစ်ကတည်းက တိမ်းရှောင်ခိုလှုံခဲ့ခြင်းဖြစ်ပြီး ယခုအခါ နယူးယောက်မြို့၊ မန်ဟက်တတန်အရပ်တွင် နေထိုင်လျက်ရှိသည်။
ရောင်းချမည့်အခန်းမှာ နယူးယောက်မြို့၊ ပဉ္စမရိပ်သာလမ်းရှိ Sherry-Netherland အဆောက်အအုံကြီးတွင် တည်ရှိသည်။
အသက် ၅၁ နှစ်ရှိပြီဖြစ်သော ကောက်ဝမ်ကွေ့ကို မိုင်းစ်ကွာ့ခ်ဟုလည်း လူသိများသည်။
အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၈ ခန်းပါဝင်သည့် ယခုအခန်းကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလက ပထမဆုံးအရောင်းဈေးကွက် တင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၈၆ သန်း ဖြစ်သည်။
ကောက်ဝမ်ကွေ့က အဆိုပါအခန်းကို ကန်ဒေါ်လာ ၆၇ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး လအနည်းငယ်အတွင်း အရောင်းဈေးကွက်ပြန်တင်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်အတွင်းတွင်မူ ခေါ်ဈေးကို ကန်ဒေါ်လာ ၇၈ သန်းသို့ လျှော့ချပေးခဲ့သည်။
ယခုအခါတွင် ၁၀ သန်းထပ်မံဈေးလျှော့ပေးလိုက်ကာ ကန်ဒေါ်လာ ၆၈ သန်းသာ ဈေးခေါ်ထားရာ ၎င်းဝယ်ယူခဲ့သည့် ဈေးနှုန်းထက် ဒေါ်လာ ၅ သိန်းမျှသာ ဈေးတင်ထားခြင်းလည်း ဖြစ်သည်။
မစ္စတာကောက်ဝမ်ကွေ့အတွက် အကျိုးဆောင်ပြုလုပ်ပေးသည်မှာ Brown Harris Stevens ကုမ္ပဏီမှ အကျိုးဆောင် ကာ့သ်လင်း အမ်-ရှလွန်း ဖြစ်သည်။
အဆောက်အအုံကြီးတွင် ဓာတ်လှေကား ၃ ခုရှိပြီး အဆိုပါဓာတ်လှေကားအားလုံးဖြင့် ရောက်ရှိနိုင်သည်။
နေအိမ်အတွင်း မီဒီယာခန်းမတစ်ခုနှင့် Central Park ပန်းခြံကို ၃ ဘက် ၃ တန်မှ စီးမိုးတွေ့မြင်နိုင်သော ဧည့်ခန်းတစ်ခန်း ပါဝင်သည်။
မစ္စတာကောက်ဝမ်ကွေ့သည် တရုတ်ပြည်မှ အာဏာပိုင်အချို့၏ အကျင့်ပျက်ခြစားမှုများနှင့် ထိပ်တန်းလျှို့ ဝှက်ချက်များကို ယခုအခန်းတွင် မကြာခဏထုတ်လွှင့်ပြောကြားမှုများ ပြုလုပ်ခဲ့မှုဖြင့် နာမည်ကျော်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)