ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းဖြစ်သည့် AfrAsia Bank မှ ယခုလတွင် ထုတ်ပြန်
လိုက်သော ကမ္ဘာ့ကြွယ်ဝချမ်းသာမှုသုံးသပ်ချက်အစီရင်ခံစာအရ အမေရိကန်က စုစုပေါင်းကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၆၂,၅၈၄ ဘီလျံဖြင့် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၄,၈၀၃ ဘီလျံဖြင့် တရုတ်က ကမ္ဘာ့ဒုတိယအချမ်းသာဆုံးနိုင်ငံဖြစ်ကာ အမေရိကန်ဒေါ်လာ ၁၉,၅၂၂ ဘီလျံဖြင့် ဂျပန်က ကမ္ဘာ့တတိယအချမ်းသာဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။
စုစုပေါင်းကြွယ်ဝချမ်းသာမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံတွင် နေထိုင်သည့်
နိုင်ငံသားတစ်ဦးစီတို့မှ ပိုင်ဆိုင်သော စုစုပေါင်းပုဂ္ဂလိကကြွယ်ဝချမ်းသာမှုကို ဆိုလိုခြင်းဖြစ်သည်။ အစိုးရရန်ပုံငွေမှာမူ မပါဝင်ပေ။
လက်ရှိတွင် ကမ္ဘာ့စုစုပေါင်းပုဂ္ဂလိကကြွယ်ဝချမ်းသာမှုသည် အမေရိကန်ဒေါ်လာ ၂၁၅ ထရီလျံခန့် ရှိနေကြောင်း AfrAsia Bank က ငွေကြေးမတည်ပြီး ကမ္ဘာ့ဈေးကွက်သုတေသနအဖွဲ့ New World Wealth မှ စစ်တမ်းကောက်ယူ
လေ့လာခဲ့သည့် အထက်ပါအစီရင်ခံစာ၌ ဖော်ပြပါရှိသည်။
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ ၁၀ နိုင်ငံတွင် ကျန်နိုင်ငံများမှာ ယူကေ (အမေရိကန်ဒေါ်လာ ၉,၉၁၉ ဘီလျံ)၊ ဂျာမနီ (အမေရိကန်ဒေါ်လာ ၉,၆၆၀ ဘီလျံ)၊ အိန္ဒိယ (အမေရိကန်ဒေါ်လာ ၈,၂၃၀ ဘီလျံ)၊ သြစတြေးလျ (အမေရိကန်ဒေါ်လာ ၆,၁၄၂ ဘီလျံ)၊ ကနေဒါ (အမေရိကန်ဒေါ်လာ ၆,၃၉၃ ဘီလျံ)၊ ပြင်သစ် (အမေရိကန်ဒေါ်လာ ၆,၆၄၉ ဘီလျံ)နှင့် အီတလီ (အမေရိကန်ဒေါ်လာ ၄,၂၇၆ ဘီလျံ) တို့ဖြစ်ကြသည်။
ကမ္ဘာတစ်ဝန်း ပိုင်ဆိုင်မှုများပြားသူ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁ သန်း ထက်မနည်း ပိုင်ဆိုင်မှုရှိသူဦးရေသည် ၁၅ ဒသမ ၂ သန်း ရှိလာပြီဖြစ်သည်။ သန်းပေါင်းမြောက်မြားစွာ ပိုင်ဆိုင်သူဦးရေ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၀ သန်း ထက်မနည်း ပိုင်ဆိုင်သူဦးရေက ၅၈၄,၀၀၀ ခန့် ရှိလာပြီး ဘီလျံနာဦးရေ
သို့မဟုတ် အမေရိကန်ဒေါ်လာ သန်း ၁ ထောင် ထက်မနည်း ပိုင်ဆိုင်သူဦးရေ
သည် ၂,၂၅၂ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းတွင် စုစုပေါင်းပုဂ္ဂလိကကြွယ်ဝချမ်းသာမှု သို့မဟုတ် စုစုပေါင်း
ပုဂ္ဂလိကဓနစည်းစိမ်သည် လာမည့် ဆယ်စုနှစ်အတွင်း ရာခိုင်နှုန်း ၅၀ မြင့်တက်ပြီး ၂၀၂၇ ခုနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၃၂၁ ထရီလျံ ရှိလာမည်ဟုလည်း ၎င်းအစီရင်ခံစာတွင် ခန့်မှန်းထားကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com