ရန်ကုန်ဘူတာကြီးအဆင့်မြှင့်တင်ရေး စီမံကိန်းဧရိယာနှင့်မလွတ်ကင်း၍ ဖယ်ရှားပေးရမည့် မီးရထားဝန်ထမ်း အိမ်ရာများအတွက် ယခုနှစ်အတွင်း ၀န်ထမ်းအိမ်ရာအသစ်များတည်ဆောက်ကာ ရွှေ့ပြောင်း သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
''အိမ်ရာက ဒီနှစ်ထဲမှာဆောက်မှာ။ စီမံကိန်းက ၂၀၁၉ နောက်ပိုင်းမှာဆိုတော့ ၂၀၁၉ ထဲမှာအပြီးရွှေ့ရမယ်။ ၁ နှစ်ကာလအတွင်း တည်ဆောက်ဖို့စီစဉ်ထားမယ်။၂၀၁၈ ထဲမှာလည်း တချို့ပြီးမှာတွေရှိမယ်လို့ သိရတယ်။ အိမ်ရာတိုက်ခန်းတွေကတော့ တပြိုင်နက်တည်းပြီးမှာတော့ မဟုတ်ဘူး။ တိုက်တလုံးကို ၁၂ ခန်းပါ မယ်ဆိုရင် သူတို့ ၅ လုံးပြီးမလား၊ ၁၀ လုံးပြီးမလား။ ပြီးသလောက် ရွှေ့ပေးရမှာ။ ၀န်ထမ်းတွေနေလို့ရမယ်။ မီးတွေ၊ ရေတွေဆင်ပြီးသွားပြီဆိုရင် ရွှေ့မှာပေါ့။ သူတို့အလုပ်လုပ်ဖို့ နီးစပ်တဲ့နေရာတွေက အရင်စရွှေ့ပေးရမှာပေါ့''ဟု ရန်ကုန်ဘူတာကြီးမှ ရုံပိုင်ချုပ်ကြီး ဦးအောင်နိုင်မြင့်က ပြောသည်။
ရွှေ့ပြောင်းပေးရမည့် မီးရထားဝန်ထမ်းအိမ်ရာများမှာ မင်္ဂလာတောင်ညွန့်မီးရထားဝင်း၊ သိမ်ဖြူမီးရထားဝင်းတို့ ဖြစ်ပြီး တာမွေ၊ ဘောက်ထော်၊ ကံဘဲ့နှင့် ရွာသာကြီးတို့တွင် မီးရထားဝန်ထမ်းအိမ်ရာများ တည်ဆောက် မည်ဖြစ်ပြီး တည်ဆောက်ရေးကာလ ၁ နှစ်သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်တည်ဆောက်ခြင်းစီမံကိန်းအတွက် စင်ကာပူ Oxley Holdings၊ မြန်မာမင်းဓမ္မ ကုမ္ပဏီနှင့် တရုတ် Sino Great Wall ကုမ္ပဏီတို့ပူးပေါင်းထားသည့် Oxley-Min Dhamma-Sino Great Wall လုပ်ငန်းစုကို ရွေးချယ်ထားပြီး အဆိုပါစီမံကိန်းမှာ ဧရိယာအားဖြင့် ၂၅ ဒသမ ၇ ဟက်တာ (၆၃ ဒသမ ၅ ဧက)ရှိပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံဝန်းကျင် ရင်းနှီးမြှုပ်နှံသွားမည်ဟုလည်း သိရသည်။
ထို့ပြင် စီမံကိန်းဧရိယာအတွင်းရှိ ၀န်ထမ်းလိုင်းခန်းများဖယ်ရှားပေးရမည်ဖြစ်ရာ မီးရထားဝန်ထမ်း တသောင်းဝန်းကျင်ခန့်ရှိပြီး ယင်းဝန်ထမ်းများကို ပြန်လည်နေရာချထားပေးရေးအတွက် စီမံကိန်းလုပ် ကိုင်ခွင့်ရကုမ္ပဏီများမှ ၀န်ထမ်းအိမ်ရာများတည်ဆောက်ပေးရမည်ဖြစ်သည်။
ဝန်ထမ်းများကို ပြန်လည်နေရာချထားပေးရာတွင် မီးရထားရုံးဝန်ထမ်းများကို တာမွေမြို့နယ်တွင်လည်းကောင်း၊ မီးရထားပြုပြင်ထိန်းသိမ်းရေးပိုင်းဆိုင်ရာ ၀န်ထမ်းများနှင့် အခြားဝန်ထမ်းများအား ရွာသာကြီးတွင်လည်းကောင်း အသီးသီးနေရာချထားပေးရန် စီစဉ်ထားကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။
Credit: News Watch