အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သား ၂ ဦးသည် ဖခင်၏ နာမည်ကျော် မာရာလာဂိုစံအိမ်ကြီးအနီး အဒေါ်ဖြစ်သူပိုင်သော နေအိမ်ကြီးကို ကန်ဒေါ်လာ ၁၉ သန်းနီးပါးဖြင့် ဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဒေါ်နယ်ထရမ့်၏ သားများဖြစ်သော အဲရစ်ခ် ထရမ့်နှင့် ဒေါ်နယ်ထရမ့်ဂျူနီယာတို့သည် မာရာလာဂိုစံအိမ်ကြီး၏ မျက်နှာချင်းဆိုင်တွင် အဒေါ်ဖြစ်သူပိုင်သော စံအိမ်ကြီးကို ၎င်းတို့ပိုင်သော ကုမ္ပဏီတစ်ခုမှတစ်ဆင့် ဝယ်ယူလိုက်ကြခြင်း ဖြစ်သည်။
၎င်းတို့၏ အဒေါ် မေရီယန်း ထရမ့် ဘာရီက ဖလော်ရီဒါပြည်နယ်ရှိ အဆိုပါစံအိမ်ကြီးကို ကန်ဒေါ်လာ ၁၈ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက် တင်ခဲ့ခြင်းဖြစ်ကာ အဲရစ်ခ်ထရမ့်တို့က ဝယ်ယူလိုက်ခြင်းကြောင့် ပြင်ပသို့ မရောက်တော့ဘဲ မိသားစု အဝန်းအဝိုင်း အတွင်း ဆက်လက်ပိုင်ဆိုင်သွားတော့မည် ဖြစ်သည်။
အဲရစ်ခ်ထရမ့်သည် အသက် ၃၄ နှစ်အရွယ်ရှိပြီး ဝယ်ယူလိုက်သော ကုမ္ပဏီ၏ ဥက္ကဌဖြစ်ပြီး အစ်ကိုဖြစ်သူ ဒေါ်နယ်ထရမ့်ဂျူနီယာမှာ လက်ထောက်ဥက္ကဌအဖြစ် အရောင်းအဝယ်စာချုပ်တွင် ဖော်ပြထားသည်ဟု ဆိုသည်။
“ပန်ဘိခ်ျမှာ အကောင်းဆုံးစံအိမ်တွေထဲက တစ်လုံးကို ဝယ်ယူလိုက်နိုင်တာ တကယ့်ကို ဂုဏ်ယူစရာပါပဲ” ဟု အဲရစ်ခ် ထရမ့်က ပြောကြားသည်။
“မာရာလာဂိုဟာ ကမ္ဘာပေါ်မှာ အထင်ကရအဖြစ်ဆုံး စံအိမ်ကြီးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အခုဒီစံအိမ်ကြီးကို ထပ်မံပေါင်းစပ်ပေးလိုက်နိုင်တာ အရမ်းကောင်းပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ဆောင်းရာသီအိမ်ဖြူတော်ဟု တင်စားခေါ်ဝေါ်ကြသော မာရာလာဂိုစံအိမ်ကြီး၏ ရှေ့ တည့်တည့်တွင် ရှိသည့်နည်းတူ ဒေါ်နယ်ထရမ့်ပိုင်ဆိုင်ထားသော အခြားစံအိမ်တစ်လုံးနှင့်လည်း နီးကပ်စွာ တည်ရှိသည်။
၁၉၅၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အရောင်းဈေးကွက်သို့ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ပထမဆုံး စတင်ရောက်ရှိခဲ့ကာ ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၂ ဒသမ ၉ သန်းဖြစ်သည်။
ယင်းနောက် ဒီဇင်ဘာလကုန်ပိုင်းတွင်ပင် ဈေးနှုန်းကို ၂၃ ဒသမ ၉ သန်းသို့ မြှင့်တင်ခဲ့သည်။နေအိမ်အတွင်း စံမီဧည့်ခန်း၊ နေစာလှုံခန်း၊ စာကြည့်တိုက်၊ ပင်လယ်သို့ မျက်နှာမူသည့်လသာဆောင်နှင့် ရေကူးကန်တို့ ပါဝင်ကြောင်း အရောင်းဈေးကွက်တင်သည့် Christian Angle Real Estate မှ အကျိုးဆောင်တစ်ဦးဖြစ်သူ Christian Angle က ပြောကြားသည်။
အသက် ၈၁ နှစ်ရှိပြီဖြစ်သော မစ္စက်ဘာရီက အဆိုပါစံအိမ်ကို ၂၀၀၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်းဖြင့် ယယ်ယူခဲ့ခြင်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)