အရှေ့အလယ်ပိုင်းဒေသသည် ယခုနှစ်အတွင်း တစ်ကမ္ဘာလုံးတွင် ဆောက်လုပ်ရေးကုန်ကျစရိတ်မြင့်တက်မှု အနည်းပါးဆုံးဒေသ ဖြစ်မည်ဟု အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းသို့ဖြစ်ရခြင်းမှာ ရေနံဈေးနှုန်းများ ပြန်လည်ဦးမော့လာခြင်းကြောင့်ဖြစ်ကြောင်း Turner & Townsend ကုမ္ပဏီက ပြုလုပ်သည့် International Construction Market Survey 2018 အမည်ရှိ လေ့လာချက်တစ်ရပ်တွင် ဖော်ပြသည်။
တစ်ကမ္ဘာလုံးတွင် ဆောက်လုပ်ရေးကုန်ကျစရိတ် ဖောင်းပွမှုနှုန်းမှာ ပျှမ်းမျှအားဖြင့် ၄ ဒသမ ၃ ရာခိုင်နှုန်းခန့် ရှိမည့်အချိန်တွင် အိုမန်နိုင်ငံ၏ မြို့တော် မတ်စ်ကက်ထ်မှာ ယခုနှစ်အတွင်း ဆောက်လုပ်ရေးကုန်ကျစရိတ်မြင့်တက်မှု ၁ ရာခိုင်နှုန်းသာ ရှိလိမ့်မည်ဖြစ်ပြီး အာရပ်စော်ဘွားများပြည်ထောင်စုမှာ ၂ ရာခိုင်နှုန်းသာရှိမည်ဟု ဟောကိန်းထုတ်ထားသည်။
အဆိုပါလေ့လာချက်သုတေသနတွင် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေဈေးကွက်ပေါင်း ၄၆ ခုမှ အချက်အလက်များကို အခြေခံကာ လေ့လာခဲ့ခြင်း ဖြစ်သည်။
ယင်းသုတေသနအရ ကမ္ဘာပေါ်တွင် ဆောက်လုပ်ရေးကုန်ကျစရိတ် ဈေးအကြီးဆုံးမှာ နယူးယောက်၊ ဆန်ဖရန်စစ္စကို၊ ဟောင်ကောင်၊ ဇူးရစ်နှင့် လန်ဒန်တို့ဖြစ်သည်ဟု ဖော်ပြထားသည်။
အာရပ်စော်ဘွားများပြည်ထောင်စုတွင် တစ်စတုရန်းမီတာလျှင် ကန်ဒေါ်လာ ၁၄၅၅ နှင့် မတ်စ်ကက်ထ်တွင် ကန်ဒေါ်လာ ၁၃၃၈ ရှိခြင်းမှာ ကမ္ဘာ့အဆင့်တွင် ၂၈ ၊ ၂၉ နေရာများ၌ ရပ်တည်လျက်ရှိသည်။
ကမ္ဘာတစ်ဝန်းလုံးတွင် ဆောက်လုပ်ရေးလုပ်ငန်းကျွမ်းကျင်မှုနှင့် လုပ်သားရှားပါးမှုရင်ဆိုင်နေရချိန်တွင် အရှေ့အလယ်ပိုင်းသည်လည်း အဆိုပါစိန်ခေါ်ချက်ကို အံတုနေရ၏။
လေ့လာချက်များအရ ကမ္ဘာတစ်ဝန်းလုံးရှိ ဆောက်လုပ်ရေးဈေးကွက်များ၏ ၆၀ ရာခိုင်နှုန်းတွင် ကျွမ်းကျင်လုပ်သားရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)