ရန်ကုန်မြို့တွင်းမှ အမြန်လမ်းအထိ မိုင် ၃၀ ခန့်ရှည်လျားသော မိုးပျံလေးလမ်းသွား အမြန်လမ်း ဖောက်လုပ်ရန် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂလိက စီးပွား ရေးလုပ်ငန်းရှင်များ စိတ်ဝင်စားမှုအဆိုပြုလွှာ တင်ပြ နိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ယမန်နေ့ ညတွင် ကြေညာချက်ထုတ်ပြန်သည်။
အဆိုပြုလွှာ တင်သွင်းရန် တစ်လကျော်ကြာ အချိန်ပေးပြီး ဇွန်လ ၂၉ ရက် ညနေ ၅ နာရီအထိ တင်သွင်းနိုင်ကြောင်း ဖော်ပြထားသည်။
စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း တိကျစွာ ဖော်ပြပြီး ရင်းနှီးမြှုပ်နှံလိုသူ၏ကိုယ် ရေးအကျဉ်း၊ ကုမ္ပဏီ(သို့မဟုတ်) ကုမ္ပဏီအုပ်စု၏ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အကျဉ်းချုပ်ဖော်ပြ ရန် သုံးနှစ်စာ ဘဏ်စာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများ ဖော်ပြရန်၊ ISO ထောက်ခံချက်ကဲ့ သို့ သက်ဆိုင်သော ထောက်ခံ ချက်များပါရှိရန် စသည်တို့ လိုအပ်သည်ဟု ကြေညာထားသည်။
ရန်ကုန်ဆိပ်ကမ်းက စတင် ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်း အထိ မိုးပျံလေးလမ်းသွားအမြန် လမ်းကို ပုဂ္ဂလိက၊ အစိုးရပူး ပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ရန် စီစဉ်နေသည်။ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC) တို့၏အကူအညီဖြင့် တင်ဒါများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ရွေးချယ်မည်ဖြစ်သည်။
၂၀၁၉ နှစ်ဆန်းတွင် စတင် မည့် ရန်ကုန်မြို့အဆင့်မြင့်မိုးပျံ အမြန်လမ်းစီမံကိန်းအတွက် အ ပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း(IFC)ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးဆောင်အကြံပေးအဖြစ် ဇန်နဝါရီ ၁၁ ရက်တွင် ခန့်အပ်ခဲ့သည်။
ရန်ကုန် တောင်ပိုင်းနှင့် မြောက်ပိုင်း ချိတ်ဆက်မည့် မြန်မာ့ ပထမဆုံး အဆင့်မြင့်မိုးပျံ လေးလမ်းသွား အမြန်လမ်းစီမံကိန်းကို ပုဂ္ဂလိက ကဏ္ဍမှ ကန်ဒေါ်လာသန်း ၃၅၀ မှ သန်း ၄၀၀ အထိ အသုံးပြုမည်ဖြစ်ပြီး အဆိုပါစီမံကိန်းအတွက် အရည်အသွေးပြည့်ဝသော ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ရွေးချယ်ရန် နိုင်ငံတကာအဆင့်မီ တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စုအဖွဲ့အစည်းဖြစ်သည့် IFC က မျှော်လင့်သည်ဟုထုတ်ပြန်ထားသည်။
Credit: 7DayDaily