ထားဝယ်အထူးစီးပွားရေးဇုန် ပြန်လည် စတင်နိုင်ရန် မြန်မာ-ထိုင်း ပူးတွဲအစည်းအဝေးကို ဇွန်လတွင် ပြုလုပ်မည်ဖြစ်ကြောင်း ထိုင်းပို့ဆောင်ရေးဝန်ကြီး အာဆွမ်တမ်ပစ်တာယာပိုင်ဆစ်က ပြောသည်။
ထိုင်းဝန်ကြီးသည် ဂျပန်အ ပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA) ဥက္ကဋ္ဌ ၏ နည်းပညာအကြံပေး ကီမိုအို တာကီယာနှင့် မေလ ၁၈ ရက်က တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။
ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို JICA က ရေးဆွဲနေပြီး ယခုလကုန်တွင် ပြီးစီးမည်ဖြစ်သည်။
ထိုစီမံကိန်းပုံစံကို JICA က မြန်မာအစိုးရထံတင်ပြပြီး အကောင်အထည်ဖော်ရန် ဆွေးနွေးမည်ဖြစ်သည်။ ထိုဆွေးနွေးချက်ကို မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးတွဲအစည်းအဝေးတွင် တင်ပြမည်ဟု ထိုင်းဝန်ကြီးက ပြောသည်။
ထိုပူးတွဲအစည်းအဝေးသည် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတည်ဆောက်ရေး လမ်းဖွင့်ပေးရန်ဖြစ်ကြောင်း ထိုင်းဝန်ကြီးက ဆိုသည်။
ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး စီမံကိန်းတွင် အပိုင်းသုံးပိုင်းပါဝင်ပြီး ၂၀၁၈ မှ ၂၀၃၀ အထိ အ ကောင်အထည်ဖော်ရမည်ဖြစ် ကြောင်း ထားဝယ်အထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။ ပထမပိုင်း တွင် ဧက ၆,၀၀၀ ပါဝင်ပြီး အခြေ ခံအဆောက်အအုံလိုအပ်ချက်ကို ၂၀၁၈ မှ ၂၀၂၀ အတွင်း ဖြည့် ဆည်းမည်ဟု ယင်းကော်မတီက ဆိုထားသည်။
အဆိုပါ စီမံကိန်းရေးဆွဲမှု သည် ၂၀၁၈ မေလတွင် ပြီးစီးမည်ဖြစ်၍ စီမံကိန်းပြန်လည် စတင်ရန် နိုင်ငံတကာသို့ တင်ဒါ ခေါ်ယူမည်ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းက ပြောကြားသည်။
ဇုန်ပထမအဆင့် အကောင် အထည်ဖော်ရန် ထိုင်းနိုင်ငံနယ် စပ်မှ အထူးစီးပွားရေးဇုန်သို့သွား မည့် လမ်းကို ထိုင်းချေးငွေ ဘတ် ၄ ဒသမ ၅ ဘီလီယံဖြင့် တည် ဆောက်ရန် သဘောတူထား သည်။
အဆိုပါ စီမံကိန်းလုပ်ကိုင် ရန် ၂၀၀၈ တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရချင်း လက်မှတ်ထိုး ပြီး ထိုင်းနိုင်ငံ အီတာလျံထိုင်း ကုမ္ပဏီနှင့် ပြည်တွင်းမှ မက်စ် (မြန်မာ)ကုမ္ပဏီတို့ စတင်လုပ် ကိုင်ခဲ့သည်။ သို့သော် နောက်ပိုင်း တွင် မက်စ် (မြန်မာ) ကုမ္ပဏီက စီမံကိန်းတွင် မပါဝင်တော့ပေ။ ၂၀၁၃ တွင်မူ ဘဏ္ဍာရေးအခက် အခဲကြောင့် စီမံကိန်းရပ်ဆိုင်းခဲ့ သည်။
၂၀၁၅ ဇူလိုင်တွင် စီမံကိန်း ပြန်လည်စတင်ရန် မြန်မာ-ထိုင်း -ဂျပန် သုံးနိုင်ငံအစိုးရချင်း ဆွေး နွေးပြီး ဂျပန်အစိုးရက အဆိုပါ စီးပွားရေးဇုန်အပါအဝင် ထားဝယ်ဒေသဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၈၀၀ ကျော် ထုတ်ချေးရန် သဘောတူခဲ့သည်။
Credit: 7DayDaily