တရုတ်၏ စီးပွားရေးသည် ယခုနှစ် ဒုတိယသုံးလပတ် (၂၀၁၈ ဧပြီ၊ မေနှင့် ဇွန်) တွင် ၆ ဒသမ ၇ ရာခိုင်နှုန်းဝန်းကျင် ဖွံ့ဖြိုးတိုးတက်နိုင်ကြောင်း တရုတ်နိုင်ငံ ပြန်ကြားရေး ဗဟိုဌာန (SIC) က နိုင်ငံပိုင်ဂျာနယ် China Securities တွင် ပြီးခဲ့သည့်စနေ (မေ ၁၉) ၌ ဖော်ပြခဲ့သည်။
၎င်းဂျီဒီပီခန့်မှန်းချက်ရာခိုင်နှုန်းသည် ပထမသုံးလပတ်တွင် ဖွံ့ဖြိုးခဲ့သည့်နှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းအောက် အနည်းငယ်နှေးကွေးကျဆင်းခဲ့သည်။ SIC သည် နိုင်ငံ့ထိပ်တန်းစီးပွားရေးရာစီမံရေးအေဂျင်စီဖြစ်သော တရုတ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်အောက်၌ ပေါင်းစည်းထားသည့် တရားဝင်နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအကြံပေးအဖွဲ့တစ်ဖွဲ့ဖြစ်သည်။
ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့် တရုတ်၏စီးပွားရေးဖွံ့ဖြိုးမှုအရှိန်
အဟုန်အချို့ စတင်ကျဆင်းနေပြီဖြစ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်အစောပိုင်း
က ထွက်ရှိခဲ့သည့် ဧပြီလ စီးပွားရေးဖွံ့ဖြိုးနှုန်းက ညွှန်ပြနေသည်။
အိမ်ခြံမြေအရောင်းအဝယ်များအပါအဝင် ကဏ္ဍအများအပြားမှ ကျရိပ်များ
ဖြစ်ပေါ်ခဲ့စဉ် တစ်ခုတည်းသော အားကောင်းမှုမှာ စက်မှုကုန်ထုတ်လုပ်မှု
ဖြစ်သည်။ တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးနှုန်းမြင့်တက်မှုသည် ဧပြီတွင် ကျဆင်းခဲ့ပြီး ရောင်းအားကလည်း ခြောက်လအတွင်း အကြီးမားဆုံးနိမ့်ကျခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဝယ်လက်များအပေါ် တိုးမြှင့်လာသည့် ထိန်းချုပ်မှုစည်းမျဉ်းများနှင့် မြင့်တက်လာသည့် ချေးငွေအတိုးနှုန်းတို့က ဝယ်လိုအားကို ဖိစီးနေကြခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ထိုသို့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု မြင့်တက်မှုနှုန်းကျဆင်းခြင်းသည် နိုင်ငံ့စီးပွားရေးကို အဓိကမောင်းနှင်းသူတစ်ဦး အရှိန်အဟုန်လျော့ကျခြင်းပင် ဖြစ်သည်။ တရုတ်တွင် အိမ်ခြံမြေကဏ္ဍသည် အခြားစီးပွားရေးကဏ္ဍ ၄၀ ကိုလည်း တိုက်ရိုက်အကျိုးသက်ရောက်ပြီး စီးပွားရေးကို အဓိကမောင်းနှင်သူတစ်ဦး ဖြစ်သည်။
SIC က တရုတ်၏ စက်မှုကုန်ထုတ်လုပ်မှုသည် ယမန်နှစ် ဒုတိယသုံးလပတ်ထက် ယခုနှစ် ဒုတိယသုံးလပတ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းခန့် ဖွံ့ဖြိုးပြီး အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် ၇ ဒသမ ၂ ရာခိုင်နှုန်းခန့် ဖွံ့ဖြိုးမည်ဟု ခန့်မှန်းခဲ့သည်။
ထို့အပြင် SIC ၏ ခန့်မှန်းချက်အရ အမေရိကန်ဒေါ်လာအဓိကကျသော
ပို့ကုန်များသည် ၈ ရာခိုင်နှုန်းဝန်းကျင် ဖွံ့ဖြိုးနိုင်ပြီး သွင်းကုန်များက ၁၀ ရာ ခိုင်နှုန်းခန့် မြင့်တက်နိုင်ကြောင်းလည်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com