အီဗာလွန်ဂိုးရီးယား၏ အမည်အပြည့်အစုံမှာ အီဗာ ဂျက်ကလင်း လွန်ဂိုးရီးယား ဘက်စ်တန်ဖြစ်ပြီး အမေရိကန် သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာတစ်ဦးဖြစ်ကာ ၁၉၇၅ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် မွေးဖွားသည်။
အီဗာလွန်ဂိုးရီးယားသည် ပထမဆုံးကလေးကို မီးမဖွားမီတွင် လော့စ်အိန်ဂျလိမြို့၊ ကမ္ဘာကျော်ကြယ်ပွင့်များခြေချရာ ဟောလိဝုဒ်ဟေးလ်ရှိ နေအိမ်ကို ကန်ဒေါ်လာ ၅၀၀၀၀၀ ခန့် ဈေးလျှော့ကာ အဆောတလျင် ဈေးကွက်ပြန်တင်လာသည်။
အီဗာလွန်ဂိုးရီးယားသည် “Desperate Housewives” ရုပ်သံဇာတ်လမ်းတွဲဖြင့် နာမည်ကျော်ခဲ့သူဖြစ်သည်။
ယခုအခါ ရေကူးကန်တစ်ကန်ပါဝင်ပြီး မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် နေအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၃ သန်းဖြင့် ဈေးကွက်ပြန်တင်လာခြင်း ဖြစ်သည်။
အသက် ၄၃ နှစ်ရှိပြီဖြစ်သော လွန်ဂိုရီးယား၏ ကိုယ်ဝန်မှာ ၃ လရှိပြီဖြစ်ပြီး သူ၏နေအိမ်ကို ပြီးခဲ့သော မတ်လအတွင်းကမှ အရောင်းဈေးကွက်တင်ထားခဲ့ခြင်းဖြစ်သော်လည်း ဖြစ်နိုင်သမျှ အမြန်ရောင်းစွံစေရန် ဈေးလျှော့ပေးလာခြင်း ဖြစ်သည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၈၅၀၀ ရှိပြီး အိပ်ခန်း ၆ ခန်းပါဝင်သည်။
Coldwell Banker Residential Brokerage ကုမ္ပဏီမှတစ်ဆင့် ဈေးကွက်တင်လာခြင်းဖြစ်သည်။
မြေညီထပ်တွင် အရက်ဘားတစ်ခုပါဝင်ပြီး ရုပ်ရှင်ရုံငယ်အတွင်းတွင် လွန်ဂိုးရီးယားက ၎င်းထုတ်လုပ်ခဲ့သည့် ဇာတ်လမ်းတွဲများဖြစ်သော “Desperate Housewives” နှင့် “Telenovela” တို့မှ ပိုစတာများကို ကြီးမားသည့် ရုပ်မြင်သံကြားစက်ကြီးနှင့်အတူ ချိတ်ဆွဲထားသည်။
အိမ်ခြံမြေမှတ်တမ်းများအရ လွန်ဂိုးရီးယားသည် အဆိုပါနေအိမ်ကို ၂၀၀၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ပြီးခဲ့သော ၁၈ လတာကာလအတွင်း ယခုနေအိမ်မှာ အီဗာလွန်ဂိုးရီးယား တတိယမြောက် အရောင်းတင်ခဲ့သည့် နေအိမ်လည်း ဖြစ်သည်။
ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်းကလည်း ဟောလိဝုဒ်ဟေးလ်ရှိ နေအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၃၇ သန်းဖြင့် ရောင်းထုတ်ခဲ့ဖူးသေးသည်။
ပြီးခဲ့သော နိုဝင်ဘာလတွင်လည်း ဟောလိဝုဒ်ဟေးလ်တွင်ပင်ရှိသော အခြားနေအိမ်တစ်လုံးကိုလည်း ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။
အဆိုပါနေအိမ်သည် ၂၀၁၅ ခုနှစ်အတွင်း တွမ်ခရုစ်ထံမှ ဝယ်ယူထားခဲ့ခြင်းဖြစ်သည်။
တွမ်ခရုစ်ထံမှ ဝယ်ယူထားသည့် အဆိုပါနေအိမ် အရောင်းဈေးကွက်တင်သည့်သတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ဖူးရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/684734 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)