အမေရိကန်ပြည်ထောင်စု၏မြို့တော် ဝါရှင်တန်ဒီစီနှင့် တစ်နာရီခရီးသာဝေးကွာသည့် ကျေးရွာတစ်ရွာလုံးနီးပါးကို ကန်ဒေါ်လာ ၃ သန်းခွဲဖြင့် ရောင်းရန်အရောင်းဈေးကွက်တင်လာကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ရောင်းချမည့်ကျေးရွာမှာ အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ ဖောကွိုင်ယာခရိုင်ရှိ မာခမ်ကျေးရွာကလေးဖြစ်သည်။
ဝါရှင်တန်ဒီစီမြို့တော်မှ တစ်နာရီခရီးခန့်သာ ဝေးကွာသည်။
ဗာဂျီးနီးယားပြည်နယ်၏ ဝိုင်ထွက်ရာအရပ် ဗဟိုချက်တွင် တည်ရှိပြီး ခရီးဝေးလမ်းလျှောက်ရန်အတွက် အသုံးပြုကြသော အပလာချီလမ်းလမ်းမကြီးအနီးတွင် တည်ရှိသည့်အပြင် Manassas Gap မီးရထားလမ်းပေါ်တွင်လည်း တည်ရှိနေသည်။
အဆိုပါမီးရထားလမ်းကို အမေရိကန်ပြည်တွင်းစစ်ကြီးမစတင်မီတွင် အပြီးသတ်ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။
၇၇ မိုင်ခန့်ရှည်လျားကာ ဗာဂျီးနီးယားပြည်နယ်၊ မောင့်ထ်ဂျက်ဆင်မှ မာနာဆက်စ်မြို့ကလေးသို့ ဆက်သွယ်ပေးထားပြီး လက်ရှိတွင် Norfolk Southern Railway ၏ တစိတ်တပိုင်းအဖြစ် ရပ်တည်နေသည်။
ရောင်းချမည်တွင် ပါဝင်သည်များမှာ ရဲစခန်းအဆောက်အအုံတစ်ခု၊ စာပို့တိုက်၊ ဟိုတယ် ၂ လုံးနှင့် နေအိမ် ၄ လုံးတို့ ဖြစ်ကြသည်။
စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် ယခုနေရာကို ဝယ်ယူကာ အပန်းဖြေတည်းခိုစခန်းတစ်ခုအဖြစ် ဖွင့်လှစ်နိုင်မည့် အခွင့်အလမ်းရှိသည်။
စာပို့တိုက်မှာ ၁၈၁၈ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ZIP code မှာ ၂၂၆၄၃ ဖြစ်ရာ ကိုယ်ပိုင် ZIP code ရရှိမည့်အခွင့်အရေးလည်း ဖြစ်သည်။
၅၃ မိုင်ကျော် ရှည်လျားသည့် “ငန်း” ချောင်းမှာ မာခမ်ရွာကလေးဘေးမှ ဖြတ်သန်းစီးဆင်းသွားသည်။
အဆိုပါအရာအားလုံးကို ကန်ဒေါ်လာ ၃ သန်းခွဲဖြင့် ဝယ်ယူပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)