အမရပူရမြို့နယ်အတွင်း အကောင်အထည်ဖော်နေသည့် အမရပူရမြို့ပြဖွံ့ဖြိုး ရေးစီမံကိန်းဧရိယာအတွင်းရှိ မြေနုကျွန်း ဧက ၂၀၀ ခန့်အတွက် စီမံကိန်း အကောင်အထည်ဖော်နေသည့် ကုမ္ပဏီက ကျပ်သိန်း ၁၂,၅၀၀ ခန့်ကို ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ထံ မေလ ၁၅ ရက်နေ့က ပေးအပ်ခဲ့သည်။
အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအနီး၊ ဧရာဝတီမြစ်ဆိပ်ကမ်းတွင် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေသည့် အမရပူရမြို့ပြစီမံကိန်းကို ၂၀၁၆ ခုနှစ် အတွင်းကတည်းက လေ့လာဆန်းစစ်မှုများလုပ်ဆောင်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလခန့်ကစ၍ စီမံကိန်းအပိုင်းတစ်ကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။
“စီမံကိန်းဧရိယာအထဲမှာပါနေတဲ့ မြေနုကျွန်းတွေထဲက ဒေသခံရွာသားတွေ လုပ်ကိုင်ခွင့်ရှိတဲ့မြေတွေကို မြေယာလျော်ကြေးလို့ပဲပြောပြော နစ်နာကြေးလို့ပဲပြောပြောပေါ့လေ ရွာသားတွေနဲ့ပဲ တိုင်ပင်ပြီးတော့ပေးတာပါ။ အားလုံးပေါင်း ဧကနှစ်ရာနီးပါး ရှိပါတယ်” ဟု လုပ်ကိုင်ခွင့်ရရှိထားသော Mandalay Business Capacity City Development Committee ပြန်ကြားရေး တာဝန်ခံ ဦးဇော်ရဲဝင်းက ပြောကြားသည်။
ယင်းစီမံကိန်းအတွင်း ရွှေကြက်ယက်ကျေးရွာဒေသခံများ စိုက်ပျိုးလုပ်ကိုင်သည့် မြေနုကျွန်းဧကနှစ်ရာနီးပါး ပါဝင်နေရာ ယင်းမြေပေါ်တွင် စိုက်ပျိုးလုပ်ကိုင်ကြသည့် ရွာသား ၇၀၀ ခန့် အတွက် ပေးအပ်ခြင်းဖြစ်သည်။
“မြေယာလျော်ကြေးအနေနဲ့ပေးတာလို့တော့ သိထားပါတယ်။ မဟုတ်လည်း သိမ်းခံရပြီးပြီ။ ဘယ်လောက်ပဲရရ လက်ခံရမှာပါ။ ရသလောက်တော့ ယူရမှာပဲ။ ကုမ္ပဏီကတော့ ရွာသားတွေလက်ထဲထည့်ပေးတာမဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးကို ပေးသွားတာ” ဟု အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ဒေသခံရွာသားတစ်ဦးက ပြောကြားသည်။
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အနေနှင့် ကုမ္ပဏီဘက်ကရရှိထားသည့် မြေယာလျော်ကြေးများကို တောင်သူများထံ အချိုးကျခွဲဝေပေးမည်ဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြောဆိုသည်။
မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် Mandalay Business Capacity City Development Committee တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် အမရပူရမြို့ပြစီမံကိန်းသည် မြေဧက ၅၀၀၀ ကျော် ကျယ်ဝန်းသည့် မြေပေါ်တွင်အကောင်အထည်ဖော်မည်ဖြစ်သည်။
Credit: The Voice