တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုပမာဏမြင့်တက်မှုသည် ဧပြီတွင် ကျဆင်းခဲ့ပြီး ရောင်းအားကလည်း ခြောက်လအတွင်း အကြီးမားဆုံးနိမ့်ကျခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဝယ်လက်များအပေါ် တိုးမြှင့်လာသည့် ထိန်းချုပ်မှုစည်းမျဉ်းများနှင့် မြင့်တက်လာသည့် ချေးငွေအတိုးနှုန်းတို့က ဝယ်လိုအားကို ဖိစီးနေကြခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ထိုသို့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု မြင့်တက်မှုနှုန်းကျဆင်းခြင်းသည် နိုင်ငံ့စီးပွားရေးကို အဓိကမောင်းနှင်းသူတစ်ဦး အရှိန်အဟုန်လျော့ကျခြင်းပင် ဖြစ်သည်။
ယခုနှစ်ဧပြီတွင် ယမန်နှစ်ဧပြီကထက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှုန်း ၁၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခုနှစ်မတ်တွင်မူ ယမန်နှစ်မတ်ကထက် ၁၀ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို (NBS) က အချက်အလက်များအရ သိရသည်။ ၎င်းအချက်အလက်များသည် လူနေအိမ်ခြံမြေ
ကဏ္ဍအပေါ် အဓိကထား၍ စာရင်းကောက်ယူတွက်ချက်ခဲ့ခြင်းဖြစ်သော်လည်း ကုန်သွယ်ရေးနှင့် ရုံးခန်းအိမ်ခြံမြေကဏ္ဍတို့လည်း ပါဝင်ပါသည်။
တရုတ်တွင် အိမ်ခြံမြေကဏ္ဍသည် အခြားစီးပွားရေးကဏ္ဍ ၄၀ ကိုလည်း တိုက်ရိုက်အကျိုးသက်ရောက်ပြီး စီးပွားရေးအတွက် အဓိကမောင်းနှင်သူတစ်ဦး ဖြစ်သည်။ သို့သော်လည်း ထိုသို့တစ်ဟုန်ထိုးဖွံ့ဖြိုးလာခဲ့သည့် အိမ်ခြံမြေဈေးကွက်က ၂၀၁၆ ခုနှစ်ကတည်းက စိုးရိမ်ပူပန်မှုများကို မြင့်တက်စေပြီး အိမ်ဈေးမြင့်တက်မှုကို ထိန်းချုပ်ရန် အစိုးရ၏ စီမံချက်များကို စေ့ဆော်ဖြစ်ပေါ်စေခဲ့သည်။
ဧပြီတွင် ကြမ်းခင်းဧရိယာအားဖြင့် အိမ်ခြံမြေရောင်းအားသည် ယမန်နှစ်ဧပြီအောက် ၄ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ၂၀၁၇ အောက်တိုဘာနောက်ပိုင်း ယခုနှစ်မတ်လမပါ အနည်းဆုံးလဖြစ်သည်။ မတ်လကမူ ၃ ဒသမ ၂ ရာခိုင်နှုန်းပင် တစ်ဖန်ပြောင်းလဲမြင့်တက်ခဲ့သည်။
ရှန်ဟိုင်းနှင့် ဟန်ကျိုးတို့ကဲ့သို့သော အချို့အဓိကမြို့ကြီးများတွင် ပြီးခဲ့သည့်နှစ်လအတွင်း အိမ်သစ်တည်ဆောက်မှုများ ဈေးကွက်တင်မှု မြင့်တက်လာသည်ကို တွေ့ရသည်။ အာဏာပိုင်များက တင်းကျပ်မှုများကို လျှော့ချခဲ့သဖြင့် developer (မြေယာဝယ်ယူ၍ အဆောက်အအုံ ဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များကလည်း ငွေပေါ်ရန် အရောင်းအတွက် စိုင်းပြင်းလာကြခြင်းကြောင့် ဖြစ်သည်။
သို့သော်လည်း အိမ်ခြံမြေရင်းနှီးမြှပ်နှံမှု မြင့်တက်မှုနှုန်းသည် အနာဂတ်ဘဏ္ဍာရေးစီးဆင်းမှုအတွက် စိုးရိမ်မှုများကို ဖြစ်စေနိုင်သော ဈေးကစားမှုများအား အစိုးရ၏ နှိမ်နင်းမှုကြောင့် ဆက်လက်ထိုင်းမှိုင်းနေဦးမည်ဟု ခန့်မှန်းရကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com