ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် တွင် ပြုလုပ်မည့် စမတ်ကတ်ရသည့် ကျူးကျော်နေထိုင်သူများကို ထားရှိမည့် အိမ်ရာများဆောက်လုပ်မည့် စီမံကိန်း(ပြည်သူ့ဘ၀မြှင့်တင်ရေးမြို့သစ်စီမံကိန်း(project X) ) နေရာရှိ လယ်မြေများအတွက် အစိုးရပေးလျော်မည့် လျော်ကြေးကို မြေဧက ၈၀၀ခန့်မှ ပိုင်ရှင်များက သဘောတူကြောင်း အကြောင်းမပြန်ဟု တွံတေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူ့ဘ၀မြှင့်တင်ရေး မြို့သစ်စီမံကိန်း(project X) အမည် သတ်မှတ်ကာ တွံတေးမြို့နယ်ရှိ လယ်မြေဧက ၂၈၀၀တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျူးကျော်များကို ထားရှိရန်နှင့်တန်ဖိုးနည်း၊ တန်ဖိုးလတ်၊အရောင်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် လွှတ်တော်သို့ အဆိုပြုတင်ထားကြောင်း သိရသည်။
''စီမံကိန်းပြုလုပ်မယ့် လယ်မြေဧက ၂၈၀၀မှာ ၂၀၀၀ နီးပါးက လယ်သမားတွေက မြေလျော်ကြေးအဖြစ် အခြားနည်းသုံးစွဲခွင့် မြို့မြေသတ်မှတ်ပြီးတဲ့ မြေ ၂၀ရာခိုင်နှုန်းကို လက်ခံတယ်။ ကျန်တဲ့ ဧက ၈၀၀ခန့်က ဒီစီမံကိန်းကို ကန့်ကွက်သူ၊ လျော်ကြေးကို သဘောတူကြောင်း သဘောထားမပေးသူနဲ့ ဆက်သွယ်လို့မရတဲ့ သူတွေ ရှိနေပါတယ်။ ဆက်သွယ်လို့မရဆိုသည့် စကားရပ်သည် အလွန်ရိုးစင်းပါတယ်။ စီမံကိန်းအကောင်ထည်ဖေါ် ဆောင်ရွက်မည်မှန်းသိရက်နှင့် ၄င်းတို့ ပိုင်ဆိုင်သည့် လယ်မြေများအတွက် ဆက်သွယ်လာခြင်း မရှိသည်မှာ ထူးဆန်းနေသည့်အတွက် ယင်းတို့ကိုလည်း သတိထားသင့်တယ်''ဟု တွံတေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက လွှတ်တော်တွင် ပြောကြားခဲ့သည်။
ထို့ပြင် ယင်းစီမံကိန်းလုပ်မည့် မြေဧရိယာအတွင်းရှိ လယ်မြေများကို မြေယာရင်းနှီးမြုပ်နှံသူများ၊ မြေကစားသူများက ၀ယ်ယူထားရှိပြီး အချို့ဝယ်ယူထားသူများသည် လယ်ယာဥပဒေနှင့်အညီ ၀ယ်ယူထားခြင်းမဟုတ်ဘဲ အရပ်စာချုပ်ဖြင့် ၀ယ်ယူထားခြင်းများစွာ ရှိသောကြောင့် လယ်မြေပိုင်ဆိုင်ခွင့် ပုံစံ ၇ အမည်မပေါက်ဘဲ လယ်မြေ၀ယ်ယူထားသူများကို လယ်ယာမြေဥပဒေနှင့်အညီ ၀န်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ဦးစီးဌာနက သတ်မှတ်သည့် မှတ်ပုံတင်ကြေး၊ တံဆိပ်ခေါင်း၊ စာချုပ်စာတမ်းမှတ်ပုံတင်ခများပေးသွင်းစေပြီးမှသာ ငွေလျော်ကြေး သို့မဟုတ် မြေလျော်ကြေးပေးသင့်ပါကြောင်းနှင့် စီမံကိန်းပြုလုပ်ရန် မြေတိုင်းတာမှုပြုလုပ်ပါကလည်း ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များဖြင့် မြေပြင်အသေးစိတ်တိုင်းတာမှုများ ပြုလုပ်သင့်ကြောင်း ယင်းက ဆိုသည်။
ယခု ပြည်သူ့ဘ၀မြှင့်တင်ရေး မြို့သစ်စီမံကိန်း(project X)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၈ခုနှစ်မှ ၂၀၂၆ခုနှစ်အထိ ကာလရှည်စီမံကိန်းအဖြစ် လုပ်ဆောင်ရန် စီစဉ်ထားကာ မေလ ၁၆ရက်တွင် စီမံကိန်းနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြန်လည်ရှင်းလင်းဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
Credit: News Myanmar