ရန်ကုန်မြို့သစ်စီမံကိန်းမှာပါဝင်တဲ့ လယ်မြေပိုင်ရှင်တွေကို မြေအချိုးကျပြန်အပ်သွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ပြောပါတယ်။
စီမံကိန်းမှာပါဝင်တဲ့ လယ်မြေတွေမှာ မြေ ၁၀ ဧက အသိမ်းခံရတယ်ဆိုရင် မြေနှစ်ဧကကို ပြန်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်းသာမက အခြားစက်မှုဇုန်တွေတည်ထောင်မယ်ဆိုရင်လည်း တောင်သူလယ်သမားတွေသိရှိစေဖို့ သတင်းကြိုတင်ပေးသွားမှာဖြစ်ကြောင်း၊ ဒါမှသာ မြေဈေးကစားမှုကို ကာကွယ်နိုင်တာနဲ့ စီမံကိန်းကရရှိလာတဲ့ အကျိုးအမြတ်တွေကို ပြည်သူတွေခံစားရမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားပါတယ်။
မြေယာလျော်ကြေးပေးတဲ့ ငွေပမာဏမှာ ကာလပေါက်ဈေးဆိုပေမဲ့ ငွေလျော်ပေးမယ့်အစား မြေပြန်ပေးတာက ပိုပြီးသင့်တော်ကြောင်း စက်မှုကုန်ထုတ်လုပ်ငန်းရှင်တွေက ပြောပါတယ်။
စီမံကိန်းမှာ နိုင်ငံခြားကုမ္မဏီတစ်ခုက ရန်ကုန်မြို့လယ်ဘက်က တံတားတစ်စင်းထိုးပေးဖို့နဲ့ ပန်းလှိုင်မြစ်ဘက်ကလည်း တံတားတစ်စင်းထိုးပေးဖို့အတွက် ကမ်းလှမ်းထားမှုတွေရှိနေပြီး စီမံကိန်းမှာ လူဦးရေသုံးသန်းကျော်နေထိုင်နိုင်မယ့်အပြင် အလုပ်အကိုင်အခွင့်အလမ်းပေါင်း နှစ်သန်းကျော်ပေါ်ပေါက်
လာမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။
Credit: The Kumudra