စင်္ကာပူတွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုရောင်းအားသည် ၂၀၁၈ ခုနှစ်တွင် ၂၀၁၇ ကထက် ၁၅ ရာခိုင်နှုန်း တိုးတက်ပြီး စင်္ကာပူဒေါ်လာ ၄၆ ဘီလျံ ရှိလာမည်ဟု ခန့်မှန်းရကြောင်း၊ ၂၀၁၉ တွသ် ၅ ဒသမ ၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြား ထပ်မံ မြင့်တက်မည် ဖြစ်ကြောင်း ကမ္ဘာ့အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ Colliers International က ၎င်းတို့၏ အစီရင်ခံစာတစ်စောင်တွင် ခန့်မှန်းလိုက်သည်။
၂၀၁၈ ခုနှစ် ပထမသုံးလပတ်တွင် စုစုပေါင်းအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုရောင်းအား
သည် ယမန်နှစ်ထိုကာလကထက် ၈၉ ရာခိုင်နှုန်း မြင့်တက်ပြီး ဒေါ်လာ ၁၁ ဘီလျံ ရှိခဲ့သည်။ အထူးသဖြင့် လူနေအိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတစ်ဟုန်ထိုး မြင့်တက်ခြင်းကြောင့် ဖြစ်သည်။
ယင်းယခုနှစ်သုံးလပတ်အတွင်း လူနေမြေရောင်းအားသည် စုစုပေါင်းအိမ်ခြံမြေ
ရင်းနှီးမြှုပ်နှံမှုရောင်းအား၏ ၈၃ ရာခိုင်နှုန်း သို့မဟုတ် ဒေါ်လာ ၉ ဒသမ ၁၅ ဘီလျံခန့် ရှိသည်။ အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံ ဆောက်လုပ်ရောင်းရေးကုမ္ပဏီ) များက မြေယာများကို အင်တိုက်အားတိုက် ဝယ်ယူစုဆောင်းလာကြသဖြင့် ထိုသို့ရာခိုင်နှုန်းများပြားခဲ့ခြင်း ဖြစ်သည်။
စံချိနှ်တင်မြေအရောင်းအဝယ်များ ပိုမိုများပြားဖြစ်ပွားလာသည့် စင်္ကာပူတွင် ယခုနှစ်အတွင်း အိမ်ခြံမြေ developer များမှ မြေဝယ်ယူမှုသည် ဒေါ်လာ ၁၂ ဒသမ ၈ ဘီလျံ ရှိခဲ့သည့် ၂၀၁၇ ထက် သာလွန်စွာ ဒေါ်လာ ၁၆ ဘီလျံ ရှိနိုင်ကြောင်း အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်း Cushman & Wakefield က ဖေဖော်ဝါရီလယ်ကတည်းက ခန့်မှန်းခဲ့ပြီးဖြစ်သည်။
စင်္ကာပူတွင် ယခင်က အိမ်ခြံမြေဈေးကွက် အားပျော့ခဲ့ကတည်းက developer များက ငွေကြေးအမြောက်အမြား စုဆောင်းနေခဲ့သည်ဟု Cushman ၏ သုတေသနဒါရိုက်တာ ခရစ္စတင်းလီက ယူဆသဖြင့် ထိုသို့ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အိမ်ခြံမြေဈေးကွက်က ပြန်လည်ဦးမော့လာသဖြင့် developer များက မြေများကို စိတ်အားထက်သန်စွာဖြင့် ဈေးပြိုင်ပေး၊ လေလံဆွဲနေကြပြီဖြစ်ကာ အရင်းအနှီးအတွက် ဘဏ်ချေးငွေများရရန် ကြိုးပမ်းနေကြကြောင်း လီက ပြောကြားခဲ့ဖူးသည်။
Colliers International ၏ စင်္ကာပူနိုင်ငံဆိုင်ရာ သုတေသနခေါင်းဆောင်နှင့် ဒါရိုက်တာ ထရစ်ရှာဆုန်ကလည်း "အိမ်ခြံမြေဈေးကွက် နာလန်ထူစ စပ်ကူးမပ်ကူးကာလ ဖြစ်နေတာကြောင့် developer တွေဟာ အစိုးရရဲ့ မြေတင်ဒါခေါ်မှုတွေနဲ့ ပုဂ္ဂလိကမြေရောင်းချမှုတွေကတစ်ဆင့် မြေတွေလိုက်ဝယ်နေတာကို တိုးလို့ပိုလုပ်လာဖွယ်ရှိပါတယ်" ဟု ဖေဖော်ဝါရီကတည်းက ပြောကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com